ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေစနစ် ထူထောင်ပေး

ဇာနည် (ကျေးလက်)

ကျေးရွာ၏ အိမ်ရှေ့မျက်နှာစာ ကွက်လပ်တွင် ပုံဖော်ထားသည့် ကွန်ကရစ်တုံးများကို စီရရီ စုပုံထားသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော်လည်း အပိုဝင်ငွေရလုပ်ငန်းအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကွန်ကရစ်တုံးထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကို ရေဖြူမြို့ မင်းဒပ် ကျေးရွာနေပြည်သူများသည် တိုးချဲ့လုပ်ကိုင်လာကြသည်။

“စိုက်ပျိုးရေး၊ မွေးမြူရေးဆိုတာက ကျေးရွာအစုအဖွဲ့တိုင်း ဆောင်ရွက်တဲ့ အသက်မွေးတဲ့လုပ်ငန်းပါ။ ဒီလုပ်ငန်းတွေအပြင် ရွာရဲ့လူမှုစီးပွားတိုးတက်ဖို့ အပိုဝင်ငွေရ လုပ်ငန်းအဖြစ် ကွန်ကရစ်တုံး ထုတ်လုပ်ရောင်းချကြတယ်။ ဒီလိုအပိုဝင်ငွေရ လုပ်ငန်းလုပ်နိုင်ဖို့ဆိုတာ ငွေကြေးအရင်းအနှီးက အရေးကြီးပါတယ်။ ဒီအရင်းအနှီးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အထောက်အပံ့ ပေးပါတယ် ဟု မင်းဒပ်ကျေးရွာနေ ကွန်ကရစ်လုပ်ငန်းဆောင်ရွက်သည့်အဖွဲ့မှ ထုတ်လုပ်ရေး တာဝန်ခံတစ်ဦးမှ ပြောသည်။

မင်းဒပ်ကျေးရွာနေ ပြည်သူများဝင်ငွေရလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းက အထောက်အပံ့ ပြုလျက်ရှိသည်။

 

နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံ

 

ကျေးရွာများသည် နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံအကျဆုံး အစုအဖွဲ့ဖြစ်သည်။ ထို့ကြောင့် ကျေးရွာ တစ်ရွာချင်းမှ အစပြု၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးမှုရရှိစေရန် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ မတည်ပေးသည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းသည် ကျေးလက်နေပြည်သူများအတွက် ဖွံ့ဖြိုးမှုအားတစ်ရပ်ဖြစ်ခဲ့လေသည်။

“ကျွန်တော်တို့ ဦးစီးဌာနဟာ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စတင်ခဲ့ပါတယ်။ စတင်ဆောင်ရွက်ခဲ့တဲ့နှစ်ကနေပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုက မြို့နယ် ၇၇ မြို့နယ်၊ ကျေးရွာ ၉၁ ရွာ၊ ကျေးရွာ ယူနစ် ၈၈ ယူနစ်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပြီးခဲ့တဲ့ ယူနစ်တွေက အိမ်ထောင်စု ၁၉၆၀ ရှိလူဦးရေ ၇၈၄၀ ကို အကျိုးပြုနိုင်ခဲ့ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ပြောကြားသည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် ကျေးလက်စီးပွားမြင့်မား ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းသည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ပြုလျက်ရှိသည့်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နေပြည်တော် အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုရှိ ကျေးရွာ ၆၀ တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

“ကျေးရွာဆိုတာ အခြေခံလူတန်းစား ပြည်သူတွေနေထိုင်တယ်။ ဒီပြည်သူတွေ လုပ်ချင်တဲ့လုပ်ငန်းကို ကျေးရွာပြည်သူ ကိုယ်တိုင်ရွေးချယ် လုပ်ကိုင်ခွင့်ရတယ်။ ကျေးရွာတွေကို အခြေခံထာ ပြီး ဖွံ့ဖြိုးစေတဲ့ရန်ပုံငွေဖြစ်လို့ ကျွန်တော်တို့ ကျေးရွာမှာ ရရှိဖို့ အခုသက်မွေးအဖွဲ့တွေ ဖွဲ့ပြီးပါပြီ။ အခုဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ရွာပါအောင် ဆောင်ရွက် နေပါတယ်” ဟု ထားဝယ်မြို့နယ် ဇဟာကျေးရွာမှ ကျေးရွာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

စိစစ်အတည်ပြု

 

ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်လိုသည့် ကျေးရွာများသည် အနည်းဆုံး အိမ်ထောင်စုငါးစုမှ အများဆုံးအိမ်ထောင်စု ၁၅ စုအထိ ပါဝင်သော စိတ်တူကိုယ်တူသက်မွေးအဖွဲ့များ (သို့မဟုတ်) သမဝါယမ အစုအဖွဲ့ပုံစံကို ဦးစွာဖွဲ့စည်းရမည်ဖြစ်သည်။ ထိုသို့ဖွဲ့စည်းထားသည့် သက်မွေးအဖွဲ့များမှ တင်ပြလာသော အဆိုပြုလွှာများကို မြို့နယ်လုပ်ငန်းအဖွဲ့မှ စိစစ်၍ ရမှတ် ၇၀ နှင့်အထက်ရရှိသော အဆိုပြုလွှာများကို ဦးစီးဌာန(ရုံးချုပ်)မှ စိစစ် အတည်ပြုပေးသွားမည်ဖြစ်သည်။

ထိုသို့ စိစစ်အတည်ပြုပြီး ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေရရှိသည့် ကျေးရွာများသည် မြို့နယ်လုပ်ငန်း အဖွဲ့နှင့် ကျေးရွာလုပ်ငန်းအဖွဲ့တို့ အကြားရန်ပုံငွေလွှဲပြောင်းခြင်း သဘောတူစာချုပကို ဦးစွာချုပ်ဆိုရမည်။ ထိုသို့သဘောတူစာချုပ် ချုပ်ဆိုပြီးပါက စာရင်းရှင်ဖွင့်လှစ်ခြင်းနှင့်ရန်ပုံငွေ လွှဲပြောင်းခြင်း လုပ်ငန်းစဉ်အတွက် မြို့နယ်လုပ်ငန်းအဖွဲ့တွင် မြို့နယ်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ စာရင်းရှင်တစ်ခုနှင့် ကျေးရွာလုပ်ငန်း အဖွဲ့တွင် ကျေးရွာကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ စာရင်းရှင်တစ်ခု ဖွင့်လှစ်ရမည်ဖြစ်သည်။

 

နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ

 

ကျေးရွာလုပ်ငန်းအဖွဲ့သည် သက်မွေးအဖွဲ့များ ၏ အဆိုပြုလွှာတွင် ပါဝင်သော ပထမအရစ် ၈၀ ရာခိုင်နှုန်းနှင့် ဒုတိယအရစ် ၂၀ ရာခိုင်နှုန်း ထုတ်ယူမည့်ကာလ ဖော်ပြချက်အတိုင်း ငွေသား (သို့မဟုတ်) ချက်လက်မှတ် (သို့မဟုတ်) Digital Payment ဖြင့် ထုတ်ပေးသွားမည်ဖြစ်သည်။ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစဉ်အတွက် လိုအပ်သော နည်းပညာသင်တန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ရရှိသည့်ကျေးရွာများမှ အသက်မွေးဝမ်းကျောင်းအဖွဲ့များ အနေဖြင့် စီမံကိန်းမှ ထောက်ပံ့ငွေအတွက် ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား ၅၀ အတိုးနှုန်း သတ်မှတ်၍ စီမံကိန်း စက်ဝန်းတစ်ခုပြီးတိုင်း အတိုးနှင့်အရင်းအား ကျေးရွာကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေစာရင်းရှင်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သို့ရာတွင် ကျွဲ၊ နွား၊ နွားနောက်မွေးမြူခြင်း၊ ကော်ဖီ၊ ရော်ဘာ၊ ဝဥ ကဲ့သို့သော နှစ်ရှည်သီးနှံ စိုက်ပျိုးခြင်းစသည့် နှစ်ရှည်လုပ်ငန်းဖြစ်ပါက တစ်နှစ်လျှင်တစ်ကြိမ် ကျသင့်ငွေအတိုးသာ ပြန်လည်ပေးသွင်းရမည်ဖြစ်သည်။

“သက်မွေးအဖွဲ့က ပြန်လည်ပေးသွင်းတဲ့ အတိုးနဲ့အရင်းငွေတွေကို ကျေးရွာဘဏ်စာရင်းရှင်ကို ပြန်ထည့်ရတယ်။ ပြီးတော့ အရင်းကိုပြန်ချေးတဲ့ပုံစံတဲ့ လည်ပတ်ပါတယ်။ အတိုးရငွေကို ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် စီမံကိန်းကနေ ရရှိတဲ့ အတိုးရငွေကို ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းမှာပဲ သုံးစွဲရပါမယ်” ဟု ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ရှင်းပြသည်။

 

အရင်းမပျောက်စနစ်

 

အရင်းမပျောက်စနစ်ဖြင့် ကျေးရွာဖွံ့ဖြိုးမှုကို ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ သတ်မှတ်ထားသည့် သက်တမ်း သုံးနှစ်ပြည့်ပြီးသည့် အချိန်တွင် မူလမတည်ငွေကို အခြားသက်မွေးအဖွဲ့ (သို့မဟုတ်) အခြားကျေးရွာ (သို့မဟုတ်) အခြား မြို့နယ်သို့ ပြောင်းရွှေ့ ဆောင်ရွက်နိုင်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖော်ဆောင်ပြီးခဲ့သည့် ကျေးရွာ ယူနစ် (၈၈) ယူနစ် မှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း ၇၂ ဖွဲ့၊ မွေးမြူရေးလုပ်ငန်း ၂၃၃ ဖွဲ့နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၃၄ ဖွဲ့ စုစုပေါင်း အသက်မွေးဝမ်းကျောင်းအစုအဖွဲ့ ၃၃၉ ဖွဲ့မှကဏ္ဍအလိုက် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

 ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ရွေးချယ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။ အကယ်၍ လုပ်ငန်းများကို အစုအဖွဲ့အလိုက် စိုက်ပျိုးမွေးမြူခြင်းတွင် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက ဆုံးရှုံးသွားသည့် ကောင်ရေ/သီးနှံတို့အတိုင်း အစုအဖွဲ့မှ စုပေါင်းကျခံပြန်လည် ထည့်သွင်းရမည်ဖြစ်သည်။

ထို့အတူ လုပ်ငန်းများကို အိမ်ထောင်စု တစ်ခု ချင်းအလိုက် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပါက ဆုံးရှုံးသွားသည့် ကောင်ရေ/ သီးနှံတို့အတိုင်း ကာယကံရှင်မှ ကျခံပြန်လည်ထည့်သွင်းရမည်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖွဲ့များ၏ အုပ်ချုပ်မှု အသေးသုံးစရိတ်အား ထည့်ဝင်ငွေ ၂၅ ရာခိုင်နှုန်းမှ အသုံးပြုရမည်ဖြစ်သည်။ သို့သော် အုပ်ချုပ်မှု အသုံးစရိတ်သည် တစ်နှစ်လျှင် စုစုပေါင်း လုပ်ငန်းတန်ဖိုး၏ ၂ ရာခိုင်နှုန်းထက် မပိုရပေ။

ထိုသို့ လည်ပတ်နေသည့်ရန်ပုံငွေကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးရွာ လုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်း၍ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် စောင့်ကြည့်ကြီးကြပ်ပေးလျက်ရှိသည်။ သက်မွေးအဖွဲ့များကလည်း လစဉ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာကို ပြုစုတင်ပြရန် လိုအပ်သည်။ စီမံကိန်းစက်ဝန်းတစ်ခု ဆောင်ရွက် ပြီးစီးပါက သက်မွေးအဖွဲ့များသည် ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းပြီးစီးမှု အစီရင်ခံစာနှင့် အရောင်း/ အဝယ်/ အရှုံး/အမြတ်စာရင်းကို ကျေးရွာလုပ်ငန်း အဖွဲ့ထံ (မိတ္တူ) နှင့် မြို့နယ်လုပ်ငန်းအဖွဲ့ထံ (မူရင်း) တင်ပြရမည်ဖြစ်သည်။ မြို့နယ်လုပ်ငန်းအဖွဲ့သည် ယင်းအစီရင်ခံစာကို စိစစ်၍ ပြည်နယ်/တိုင်း ဒေသကြီးကျေးလက်ဦးစီးဌာနမှတစ်ဆင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ထံ တင်ပြရမည်ဖြစ်သည်။

ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ စီမံကိန်းနှစ်နှစ်တာကာလအတွင်း အသက်မွေးဝမ်းကျောင်းပုံစံ(၁)ဖြင့် ဆောင်ရွက်သည့် အစုအဖွဲ့ ၁၈၃ ဖွဲ့၊ ပုံစံ(၂)ဖြင့် ဆောင်ရွက်သည့် အစုအဖွဲ့ ၁၅၆ ဖွဲ့ စုစုပေါင်း ၃၃၉ ဖွဲ့ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ အစုအဖွဲ့စနစ်ဖြင့် လုပ်ငန်းများလည်ပတ် ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်း အစု အဖွဲ့ ၃၃၉ ဖွဲ့အနက် စီမံကိန်းပထမစက်ဝန်း လည်ပတ်နေသည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ ၂၀၃ ဖွဲ့၊ ဒုတိယစက်ဝန်းလည်ပတ်နေသည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ ၈၂ ဖွဲ့၊ တတိယ စက်ဝန်းလည်ပတ်နေသည့် အသက်မွေးဝမ်းကျောင်း အဖွဲ့ ၄၁ ဖွဲ့၊ စတုတ္ထစက်ဝန်းလည်ပတ်နေသည့် အသက်မွေးဝမ်းကျောင်း အဖွဲ့ ၁၀ ဖွဲ့၊ ပဉ္စမစက်ဝန်း လည်ပတ်နေသည့် အသက်မွေးဝမ်းကျောင်းအဖွဲ့ သုံးဖွဲ့ တည်ရှိသည်။

“ကျွန်တော်တို့ ကျေးရွာကတော့ရန်ပုံငွေရရှိပြီး စီမံကိန်းစက်ဝန်းတစ်ခု လည်ပတ်ပြီးသွားပြီ။ စိုက်ပျိုးရေးအတွက် အသုံးပြုကြတာဖြစ်ပါတယ်။ အကျိုးအမြတ်ရတာကတော့ လက်တွေ့ပေါ့။ ကိုယ့်စီးပွားအတွက်ဆိုတော့ ပေးတဲ့ရန်ပုံငွေအပေါ်ကနေ အရှုံးမရှိ၊ အကျိုးအမြတ်ရှိအောင်တော့ အားစိုက်ရတာပေါ့။ အခုကတော့ လာမယ့် စီမံကိန်း စက်ဝန်းအတွက် ပြင်ဆင်နေပါပြီ” ဟု မိုးညှင်း မြို့နယ် နန့်လှိုင်ကျေးရွာမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အသက်မွေးဝမ်းကျောင်းအစုအဖွဲ့ ၃၃၉ ဖွဲ့ အနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၁၂၇ ဖွဲ့ သည် ၎င်းတို့၏ ထုတ်ကုန်များရောင်းချခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် (၁၁၅၈ ဒသမ ၃၁၅) သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ အစုအဖွဲ့ ၁၃၆ ဖွဲ့ သည်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

စိုက်ပျိုးရေး ၄၄ ဖွဲ့မှ ငွေကျပ် (၄၈၇ ဒသမ ၈၁၅) သန်း၊ မွေးမြူရေး ၇၄ ဖွဲ့မှ ငွေကျပ် (၃၂၃ ဒသမ ၅၀၅) သန်း၊ ကုန်ထုတ်လုပ်ငန်း ၁၈ ဖွဲ့မှ ငွေကျပ် (၅၀၃ ဒသမ ၄၁၀) သန်း စုစုပေါင်းငွေကျပ် (၁၃၁၄ ဒသမ ၇၃၀) သန်း ရရှိခဲ့ကြပြီး အသင်းသူ/အသင်းသားများအား ခွဲဝေပေးခဲ့ပြီးဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အထိ အတိုးရငွေ ကျပ် (၅၅ ဒသမ ၅၀၈) သန်း ရရှိ ခဲ့ပြီး ယင်းအတိုးရငွေများအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြန်မာ့ စီးပွားရေးဘဏ်တွင် သိမ်းဆည်းထားရှိသည်။

သို့ဖြစ်ရာ ကျေးလက်နေပြည်သူ လူမှုစီးပွားကို ကျေးလက်နေပြည်သူများကိုယ်တိုင် တိုက်ရိုက် ပါဝင် ဆောင်ရွက်စေသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းမှ ကျေးလက်နေ ပြည်သူများသည် ငွေကြေးအရင်းအနှီးများ ရရှိလာခြင်းကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ နည်းပညာများနှင့် ငွေကြေးစီမံခန့်ခွဲမှု နည်းပညာများရရှိလာခြင်းနှင့် မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်း ဆောင်ရွက်မှုမြင့်မားလာခြင်း၊ စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ် ဖွံ့ဖြိုးအားကောင်းလာခြင်းစသည့် အကျိုးကျေးဇူးများစွာကို ခံစားရရှိကာ ဖွံ့ဖြိုးမှုအရှိန်ကို ရရှိစေပါကြောင်း တင်ပြလိုက်ရပါသည်။