ကျေးလက်အမျိုးသမီးထုအတွက် ကမ်းလိုက်သောလက်

၁၈ ဖေဖော်ဝါရီ

Action Aid သည် နိုင်ငံပေါင်း ၄၅ နိုင်ငံ၌ ဒေသခံအဖွဲ့အစည်းနှင့်ချိတ်ဆက်၍ ပြည်သူလူထု၏ ဖွံ့ဖြိုးမှု အတွက် ဆောင်ရွက်လျက်ရှိသောနိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) ဖြစ်ပါသည်။ ဤအဖွဲ့ကို ၁၉၇၂ ခုနှစ်၌ စတင်ဖွဲ့စည်းစဉ်က Action Aid Distress  ဟုခေါ်ဆို၍ အိန္ဒိယနှင့် ကင်ညာနိုင်ငံရှိ ကလေးငယ် ၈၈ ဦးအတွက် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ Action Aid သည် နိုင်ငံပေါင်း ၄၅ နိုင်ငံရှိ ပြည်သူလူထု ၁၅ သန်းကျော်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ Action Aid ရုံးချုပ်ကို တောင်အာဖရိကနိုင်ငံ၌ ဖွင့်လှစ်ထားရှိသည်ဖြစ်၍ Action Aid  သည် ကမ္ဘာ့တောင်ဘက်ခြမ်း၌ ပထမဦးဆုံး ရုံးချုပ်ဖွင့်လှစ်သော ကြီးမားသည့်နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) ဖြစ်ပါသည်။

 

ဆင်းရဲနွမ်းပါးမှုသည် လူသားတို့၏ အခြေခံအခွင့်အရေးကိုငြင်းပယ်ခြင်း ဖြစ်သကဲ့သို့ ဖောက်ဖျက်ခြင်း ဖြစ်သည်ဟူသော ဆောင်ပုဒ်မှာ Action Aid ခံယူချက်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Action Aid သည် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ပြည်သူလူထု၏ သက်ရှင်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီလျက် ရှိပါသည်။ Action Aid အခြေခံချဉ်းကပ်ပုံသည် လုပ်ငန်းအစီအစဉ်တို့အား အပေါ်မှချမှတ်ပေးခြင်းကို ရှောင်ရှား၍ ပြည်သူလူထုနှင့်လက်တွဲလျက် ဒေသ၏အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော လုပ်ငန်းစီမံကိန်းတို့ကို အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကမ္ဘောဇဘဏ်နှင့် Action Aid တို့ ပူးပေါင်း၍ လယ်ယာလုပ်ငန်းခွင်ရှိ အမျိုးသမီးတို့ကိုဘဏ္ဍာရေးအရ ပံ့ပိုးကူညီမည့်အစီအစဉ်ကို တရားဝင်ထုတ်ပြန် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် မှီခိုနေရသည်ဖြစ်၍ ကမ္ဘောဇဘဏ်နှင့် Action Aid တို့၏ ဤပူးပေါင်းဆောင်ရွက်မှုသည် ကြိုဆိုရမည့် လုပ်ငန်းစီမံကိန်းဖြစ်ပါသည်။ လယ်ယာလုပ်ငန်းခွင်ရှိရာ ကျေးလက်တောရွာတို့သည်ဘဏ်လုပ်ငန်းနှင့် ချိတ်ဆက်နိုင်ခြင်းမရှိ၍ အတိုးနှုန်းသက်သာသောချေးငွေရရှိရန် အလွန်ခက်ခဲသော အခြေအနေမျိုး ဖြစ်နေပါသည်။

 

ဤအခြေအနေကို ပြောင်းလဲနိုင်ရေးအတွက် ကမ္ဘောဇဘဏ်နှင့် Action Aid တို့က ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်ပါသည်။ လယ်ယာကဏ္ဍတွင် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများ ဖြေရှင်းနိုင်ရေးအပါအဝင် အမျိုးသမီးတို့၏ စီးပွားရေးလုပ်ငန်းငယ်များ မြှင့်တင်နိုင်ရေးအတွက် မြေယာပိုင်ဆိုင်မှု အထောက်အထားပြသရုံဖြင့် ကမ္ဘောဇဘဏ်နှင့် Action Aid တို့က ချေးငွေထုတ်ပေးသွားမည်ဖြစ်ပါသည်။ ဤစီမံကိန်း၏ ရှေ့ပြေးအစီအစဉ်ကို၁၂ လကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကာလအတွင်း အမျိုးသမီး ၁၂၀ ခန့်အား ချေးငွေထုတ်ပေးသွားမည်ဖြစ်၍ မိသားစုဝင် ၅၀ဝ ခန့်ကိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်နှင့် Action Aid တို့သည် အမျိုးသမီးတို့အား ချေးငွေထုတ်ပေးရုံသာမက ဘဏ္ဍာရေး ထိန်းသိမ်းကာကွယ်မှုနှင့် စာရင်းပြုစုခြင်းတို့ကိုပါ သင်ကြားပေးသွားမည်ဖြစ်၍ ကျေးလက်အမျိုးသမီးထု အတွက် အားတက်စရာလုပ်ငန်းစီမံကိန်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ်နှင့် Action Aid တို့၏ ဤလုပ်ငန်းစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

(မြန်မာ့အလင်း)