ကော်တင်ဟိုအား ပရီမီယာလိဂ်အသင်းသုံးသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေ

mdn

၂၄ မေ

 

ပရီမီယာလိဂ်အသင်းသုံးသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်း၊ မန်ယူအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ဟာ ဘာစီလိုနာကွင်းလယ် ကစားသမား ကော်တင်ဟိုကို နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

အဲဒီပရီမီယာလိဂ်အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းကတော့ အသက် ၂၇ နှစ်အရွယ်ရှိ ဘရာဇီးကြယ်ပွင့် ကော်တင်ဟိုကို ပထမဦးစားပေးအဖြစ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား ကော်တင်ဟိုဟာ လက်ရှိမှာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတာဖြစ်ပါတယ်။

 

ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ကော်တင်ဟိုကို အမြဲတမ်းစာချုပ်တစ်ရပ်နဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိပေမယ့် ဘာစီ လိုနာအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကိုပေးဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟာစီဖလစ်ကတော့ ကွင်းလယ် ကစားသမား ကော်တင်ဟိုကို ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးဆုံးမယ့် အခုနှစ် နွေရာသီနောက်ပိုင်းကာလအထိ အငှားစာချုပ်ကို သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဝုလ်ဘတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့ ယှဉ်ပြိုင်ကစားမယ့် ဘွန်ဒက်လီဂါ နောက်ဆုံးပွဲစဉ်ကျင်းပပြီး သုံးရက်အကြာဖြစ်တဲ့ ဇွန် ၃၀ ရက်မှာ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ရောင်းချဖို့ ရှိနေတာဖြစ်ပါတယ်။

 

ဒါကြောင့် ချယ်လ်ဆီးအသင်းက ကော်တင်ဟိုကို ဘာစီလိုနာ အသင်းဆီကနေ အရခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး လက်စတာစီးတီး အသင်းကလည်း လီဗာပူးအသင်းနည်းပြဟောင်း ဘရန်ဒန်ရော့ဂျာနဲ့ အတူ အသင်းအတွက် အကောင်းဆုံးရလဒ် ထွက်ပေါ်ရေးအတွက် ကော်တင်ဟိုကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

 

ငွေကြယ်