ကော့သောင်းမြို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် စည်ကားစွာ ကျင်းပမည်

ကော့သောင်း ၂၂ ဖေဖော်ဝါရီ

 

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သာမက ရင်းနှီးမြုပ်နှံမည့် သူများ၏ အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့် အခြေခံအချက်များကို သိရှိခွင့်ရကြစေရန် ရည်ရွယ်၍ ကော့သောင်းမြို့၌ မတ်လ ၂၄ နှင့် ၂၅ ရက်များတွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတော် ကျင်းပရေးနှင့် စပ်လျဉ်းသည့် အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ကျင်းပရာ ပွဲတော်ကျင်းပရေးဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးကြသည်။

 

အဆိုပါ ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှုပွဲတော်တွင် ရင်းနှီးမြုပ်နှံမှု၊ ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သော၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနပြခန်း၊ တိုင်းဒေသကြီး MIC ပြခန်း၊ ဆလုံရိုးရာယဉ်ကျေးမှုပြခန်း၊ ထိုင်းခရီးသွားကုမ္ပဏီပြခန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များပြခန်း၊ ထားဝယ်၊ မြိတ်ခရိုင်ဒေသပြခန်း၊ သစ်တောနှင့် ပုလဲမွေးမြူရေးပြခန်း၊ ဒေသတွင်း နိုင်ငံတကာအဆင့်မီ အပန်းဖြေကျွန်းပြခန်းများ၊ ဒေသတွင်း အခြားစီးပွားရေး လုပ်ငန်းရှင်များပြခန်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်အခြားပြခန်းများ၊ ဒေသထွက်ကုန် အစားအစာ၊ အဝတ်အထည်နှင့် ဒေသရိုးရာယာဉ်ကျေးမှုပြခန်းများ၊ ခေတ်ပေါ်ခေတ်ဟောင်း/ရိုးရာ တေးဂီတဖျော်ဖြေမှုအစီအစဉ်များ ၊ မြန်မာရိုးရာအကပဒေသာများဖြင့် ပါဝင်မည်ဖြစ်သည်။

 

ကျော်စိုး(ကော့သောင်း)