ကော့သောင်းမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်တစ်စီး လမ်းဘေးထိုးကျ

 

ပြည်ကြီးမဏ္ဍိုင်   ဇန်နဝါရီ   ၂၈

 

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု  ရွာသာယာကျေးရွာ ဘက်ခြမ်း ထားဝယ်-ကော့သောင်း ကားလမ်းပေါ်တွင် ခရီးသည်ယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကော့သောင်းမှ ရန်ကုန်သို့ ယာဉ်မောင်း မင်းသူ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်သည် ခရီးသည် ၁၄ ဦးအား တင်ဆောင်၍ မောင်းနှင်လာစဉ် ပွိုင့် 1020 တောင်ကုန်းအတိုင်း ဇန်နဝါရီ ၂၈ ရက် နံနက် ၄ နာရီ ၄၅ နာရီခန့်တွင် ပွိုင့် 1020 တောင်ထိပ်ကုန်း မိုင်တိုင်အမှတ်(၈၅/၇)အနီး အရောက်တွင် လမ်း၏ ယာဘက်ခြမ်း အမြင့်ပေ ၄၀၀ ခန့်ရှိ ချောက်အတွင်းသို့ အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျကာ ယာဉ်ပေါ်ပါ  အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး (မစိုးရိမ်းရ) ဒဏ်ရာရရှိပြီး ၎င်းတို့ နှစ်ဦးအား ဘုတ်ပြင်းပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း မင်းသူအား ပြည်ကြီးမဏ္ဍိုင် နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂/၂၂ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)