ကော်ဖီအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးမြင့်မားသော ကော်ဖီထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး နည်းပညာပေးသင်တန်းများဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၂၈

 

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် အရည်အသွေးနှင့် အထွက်နှုန်း ထိခိုက်မှုအများဆုံး ကြုံတွေ့ရလျက်ရှိသည့် ကော်ဖီပင်စည်ထိုးပိုး(Coffee Stem Borer)အန္တရာယ် ကာကွယ်နှိမ်နင်းနည်းသင်တန်းကို ပြင်ဦးလွင်ရှိ မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဇူလိုင်၂၆ ရက်မှ (၂၈)ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ရာ ကော်ဖီစိုက်တောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်လေ့လာ ခဲ့ကြသည်။

 

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ပညာရှင်များက ကော်ဖီပင်စည် ထိုးပိုး(Coffee Stem Borer)အန္တရာယ် ကာကွယ်နှိမ်နင်းနည်းနှင့် ပတ်သက်၍ စာတွေ့လက်တွေ့ ပို့ချဆွေးနွေးခဲ့ကြပြီး ၊ မြန်မာနိုင်ငံကော်ဖီအသင်း တာဝန်ရှိ သူများက ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ သင်တန်းပြီးမြောက်ပြီးပါက သင်တန်းဆရာများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကျွမ်းကျင်သူပညာရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းနှင့် သင်တန်းတက်ရောက်ခဲ့သူများ ဆက်လက်ချိတ်ဆက်၍ လုပ်ငန်းခွင်အခက် အခဲများ ကြုံတွေ့လာပါက အပြန်အလှန် ဆွေးနွေးအကူအညီပေးနိုင်ရေး စီမံဆောင်ရွက်ထားသည်။  နိုင်ငံ တကာဈေးကွက်တွင် နာမည်ကောင်းရနေသည့် မြန်မာ့ကော်ဖီ ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးနှင့် ကော်ဖီအခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် နိုင်ငံတော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပါအဝင် ကော်ဖီစိုက်ပျိုးလုပ်ကိုင်ရန် မြေယာလုပ်ပိုင်ခွင့်များ ခွင့်ပြုပေးလျက်ရှိ သကဲ့သို့ ကော်ဖီစိုက်ဧရိယာများအားလုံး ကော်ဖီစေ့အထွက်နှုန်းတိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်ချက်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)