ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းဝေးရေး

နေပြည်တော်  ၆ ဧပြီ

 

ဘဝတစ်လျှောက်လုံးတွင် အာဟာရဓာတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို လုံလောက်မျှတစွာ ရွေးချယ်စားသုံးတတ်စေရန် ကျောင်းသားလူငယ် အရွယ်မှစ၍ သင်ကြား လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ အာဟာရဓာတ်များ မျှတစွာ ရရှိစေရန် နေ့စဉ်အစာအုပ်စု (၃)စု စုံလင်အောင် စားသုံးပါ။ အစာအုပ်စု (၃)စုနှင့် ပတ်သက်သော အချက်များကို “အာဟာရဖွံ့ဖြိုးရေး” အပိုင်းတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

 

အခြေခံပညာကျောင်းများတွင် ကျောင်းသားလူငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရပြည့်ဝသော နေ့လည်စာအား ကျောင်းများတွင် ပြင်ဆင်ကျွေးမွေးခြင်းကို ကျောင်းနှင့်ဒေသ အခြေအနေပေါ်တွင် မူတည်၍ ဆောင်ရွက်သင့်ပါသည်။ အစားအစာများ ဘေးအန္တရာယ် ကင်းဝေးရေးအတွက် ကူးစက်ရောဂါ ခံစားနေရသူများအား ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချခွင့် မပြုသင့်ပါ။ ကျောင်းမုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ ရောင်ချသင့်ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော မုန့်များကို လုံးဝမရောင်းချသင့်ပါ။

 

အာဟာရချို့တဲ့ခြင်းကြောင့် ကျောင်းနေအရွယ် ကလေးများတွင် ကြီးထွားမှုနှုန်း နှေးကွေးခြင်း၊ အရပ်ပုခြင်း၊ သွေးအားနည်းခြင်း၊ ဉာဏ်ရည်ဖွံဖြိုးမှု နှေးကွေးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။

 

ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း

ကျောင်းသားလူငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား လေ့လာနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။

ကျောင်းသားလူငယ်များ ပညာသင်နှစ် တစ်နှစ်အတွင်း အနည်းဆုံး တစ်ကြိမ် ကျောင်းကျန်းမာရေး စစ်ဆေးကုသပေးခြင်းဖြင့်

 

(၁) ကျောင်းကျန်းမာရေး ချို့တဲ့နေသော (ဥပမာ-သွားနှင့် ခံတွင်းကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ မျက်စိကျန်းမာရေး စသည်ဖြင့်) ကျောင်းသားလူငယ်များကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပြီး ဆေးကုသမှုပေးနိုင်ခြင်း၊ လိုအပ်ပါက ဆက်လက်ညွှန်းပို့၍ ဆေးကုသမှု ခံယူနိုင်ရန် ဆောင်ရွက်ရန်၊

 

(၂) ရှိသင့်သည့် ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုနှင့် စံနှုန်းမကိုက်ညီသော ကျောင်းသာများအား တွေ့ရှိနိုင်ပြီး လိုအပ်သော အာဟာရအထောက်အပံ့နှင့် အာဟာရပညာပေးခြင်းတို့ကို ဆောင်ရွက်ရန်တို့ဖြစ်သည်။

 

ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း

 

ကျောင်းသားလူငယ်များအား ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝဟန်ပန်များ ရရှိကျင့်သုံးစွဲမြဲလာစေရန် ကျောင်းကျန်းမာရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူလူထုအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးကိုပါ ပူးပေါင်းဆောင်ရွက်နိုင်သည်။

 

မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထု အခြေပြု လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူလူထုတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးအတွက် အလွန်အရေးပါသည်။

 

နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း

 

ကျောင်းသားလူငယ်များအား နှစ်သိမ့်ဆွေးနွေးပညာပေးရာတွင် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း ဆောင်ရွက်နိ်ုင်ပြီး ဆွေးနွေးသူ (ကျန်းမာရေး သို့မဟုတ် ပညာရေးဝန်ထမ်း)နှင့် လက်ခံသူ (ကျောင်းသားလူငယ်) တို့ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းဖြင့် ပြဿနာကို နည်းစနစ်မှန်ကန်စွာ ပူးပေါင်းဖြေရှင်းခြင်း ဖြစ်ပါသည်။ နှစ်သိမ့်ဆွေးနွေး ပညာပေးရာတွင် ဆက်ဆံရေးလမ်ကြောင်း (Communication Channel) ကို မှန်ကန်စွာ ဆွေးနွေးသုံးသပ်တတ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုသည် ပဓာနကျပါသည်။ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများသည် ကျောင်းသားများက မိဘများအား ဖွင့်မပြောရဲသော လူမှုရေးပြဿနာ၊ ကျန်းမားရေးပြဿနာများကို ယုံကြည်စွာ တိုင်ပင်ခံပြီး နှစ်သိမ့်ဆွေးနွေးပေးရန် ပူးပေါင်းဆောင်ရွက်ရမည်။

 

ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်ပွားလေ့ရှိသော ကျန်းမာရေးပြဿနာများ၊ အထူးသဖြင့် မျိူးဆက်ပြန့်ပွား ကျန်းမားရေး၊ လူမှုရေးပြဿနာများအား နှစ်သိမ့်ဆွေးနွေး ပညာပေးရာတွင် ကျန်မာရေးနှင့် ပညာရေးလုပ်ငန်းများ အနေဖြင့် ကျောင်းသားလူငယ်များ၏ အားကိုးယုံကြည်မှုကို ရယူနိုင်ရန် အရေးကြီးပြီး လူငယ်များ လမ်းမှားသို့ မရောက်စေရေးအတွက် ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်သည်။

 

ထိုကဲ့သို့ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းဖြင့် ကျောင်းသားလူငယ်များ စိတ်လုပ်ရှားခံစားမှု၊ စိတ်ဖိစီးမှု လျော့ပါးလာခြင်း၊ သတင်း အချက်အလက်မှန်များအား အသုံချ၍ မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်ပြောင်းလဲလာခြင်းနှင့် အပြုအမူများ အပြုသဘောဘက်သို့ ပြောင်းလဲလာနိုင်မည် ဖြစ်ပါသည်။

 

သင်တန်းနှင့် သုတေသနလုပ်ငန်း

မြို့နယ်အဆင့်ဆင့်တွင် တစ်နှစ်လျှင် တစ်ကြိမ် မြို့နယ်ကျောင်းကျန်းမာရေး သင်တန်းနှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်းများကို ပို့ချရမည်ဖြစ်သည်။

 

သုတေသနလုပ်ငန်းနှင့် ပတ်သတ်၍ မိမိတို့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျောင်းသားလူငယ်များတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများအား ဖော်ထုတ်ခြင်း၊ ကျောင်းသားလူငယ်များတွင် အန္တရာယ်ရှိသော ကျန်းမာရေး အပြုအမူများ ဖော်ထုတ်ခြင်း၊ အရပ်အမောင်းနှင့် ခန္ဓာကိုယ် အလေးချိန်အား စစ်တမ်းပြုစုခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အပြုမူများနှင့် ပတ်သတ်၍ ကျောင်းသားလူငယ်များ၏ ဗဟုသုတ၊ သဘောထားအမြင်၊ လက်တွေ့လိုက်နာကျင့်သုံးနိုင်မှု အခြေအနေတို့ကို စစ်တမ်းပြုစုခြင်း စသည့် သုတေသနများကို ဆောင်ရွက်နိ်ုင်ပါသည်။

 

ကာယနှင့် အားကစားလုပ်ငန်း

ကိုယ်ကာယလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ကျောင်းသားလူငယ်များ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ကျန်းမာရေးပညာပေးခြင်းဖြင့် ဆောင်ရွက်ရမည်။ ရေရှည် အကျိုးသက်ရောက်မှု အနေဖြင့် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင် လာစေရန်အတွက် ၄င်းတို့၏ အားကစားနှင့် ကာယလှုပ်ရှားမှုကို မြှင့်တင်နိုင်ရန် အခြေခံပညာ ဦးစီးဌာန၏ ကာယပညာ သင်ရိုးညွှန်းတမ်းများကို လက်တွေ့လေ့ကျင့် သင်ကြားပို့ချရမည်။ လတ်တလောတွင်လည်း ရိုးရှင်း၍ ငွေကုန်ကြေးကျနည်းသည့်၊ စက်ကိရိယာများစွာ မလိုအပ်သည့် ကိုယ်ကာယလှုပ်ရှားမှု သွေးပှုလေ့ကျင့်ခန်းများကို ကျောင်းများတွင် နေ့စဉ်အချိန်သတ်မှတ် လေ့ကျင့်ကစားစေခြင်းကို ဆောင်ရွက်နိုင်ရန် လမ်းညွှန်ချက်များ အဆင့်ဆင့် ထုတ်ပြန်ဆောင်ရွက်ရမည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

 

MDN