ကျောင်းထွက်သူ ပပျောက်ရေး မိဘများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်

ဝါးခယ်မ ၂၉  မေ 

 

၂ဝ၁၈ - ၂ဝ၁၉ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို  မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်များအား ဆောင်ရွက်ပေးလျက်ရှိသည်။

 

" ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေဖို့ အခမဲ့ပညာသင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိဘများ အနေနဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန် သက်ဆိုင်ရာ ကျောင်းများ၌ ကျောင်းအပ်နှံပေးကြရန် လိုအပ်ပါတယ်။ အလားတူပဲ ကျောင်းထွက်သူ ပပျောက်ရေးအနေဖြင့် မည့်သည့်အကြောင်းနှင့် ဖြစ်စေ ကလေးငယ်များ၏ ပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်စေရန် မိဘများပူးပေါင်းပါဝင်ကြရန် လိုအပ်ပါတယ်" ဟု မြို့နယ် ပညာရေးမှူး ဦးဝင်းသန်းက ပြောသည်။

 

ကျောင်းအပ်နှံရာတွင် သူငယ်တန်း (KG)မှ  ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံ တစ်စုံစီ၊ ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီကိုလည်းကောင်း၊ ပဉ္စမတန်းမှ ဒသမ တန်းအထိ ကျောင်းသားအားလုံးအတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တစ်စုံစီ အခမဲ့ဖြန့်ဝေပေး လျက်ရှိသည်။

 

ဝါးခယ်မမြို့နယ်အတွင်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ ၅၉၆၀၁ ဦး တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခုနှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မေ ၂၇ ရက် အထိ ကျောင်းအပ်နှံမှုမှာ ၂၉၆၈၈ ဦး ဆောင်ရွက်ပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

 

လွှမ်းသီဟ (ဝါးခယ်မ)