ကျောင်းသွားရာတွင် အခက်အခဲဖြစ်နေသော ကျောင်းသားကျောင်းသူ ၅၄၀ အား စက်ဘီးပေးအပ်

ဒီးမော့ဆို၂၃ စက်တင်ဘာ    

 

Lesswalk.org နှင့် ဝေါလ်ဗီရှင်-မြန်မာတို့ ပူးပေါင်းပြီး ဒီးမော့ဆိုမြို့နယ် ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ ဦးတည် ကျေးရွာ/ရပ်ကွက် ၃၁ ရွာအနက် ကျေးရွာ ၁၆ ရွာရှိသည့် ကျောင်းသွားရာတွင် အခက်အခဲဖြစ်နေသော အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ ၅၄၀ အား စက်ဘီးပေးအပ်ခြင်းကို စက်တင်ဘာ ၂၂ ရက် နံနက် ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့ စိန်ဂျိုးဇက် ခန်းမဆောင်၌ ကျင်းပသည်။

 

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အမှာစကား ပြောကြားပြီး Lesswalk Foundation မှ ဦးမိုက်ခ်သန်း က စက်ဘီးလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကျောင်းသားကျောင်းသူများအား စက်ဘီးများ ပေးအပ်ခဲ့သည်။

 

စက်ဘီးများ ပေးအပ်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဝမ့်လထွား၊ ဟန်သောခူ၊ အို့ခူးရီ၊ ခေါက်ပလော့၊ ညောင်ကုန်း၊ ဒေါကမီး၊ ဒေါခလိုက်လင်း၊ ဒေါခူလီ၊ ဒေါတဒါး၊ ဒေါပိုးစီ၊ ဒေါဗျာကူး၊ အောင်ချမ်းသာ၊ အောင်သပြေ၊ ဒေါဘူးငံရယ်၊ ဘက်တလိန်နှင့် ဆီလီဒုန်းကျေးရွာများမှ ကျောင်းသွားရာတွင် အခက်အခဲ ဖြစ်နေသော အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ ၅၄၀ အား စက်ဘီးပေးအပ်ခဲ့ပြီး စက်ဘီး အမှန်တကယ် လိုအပ်နေသူများအတွက် Facebook Page တွင် Lesswalk.org ဟု ရိုက်နှိပ်ကာ Messenger မှ တစ်ဆင့် လျှောက်နိုင်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)