ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်းအစီအစဉ်အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာ

ရန်ကုန်  ၉  ဇွန်

 

မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန(MLRC) ကျောင်းပြင်ပ မူလတန်း ပညာရေး (NFPE) လုပ်ငန်းမှ ၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ဘာသာ ဂုဏ်ထူး(၁)ဦး၊ တစ်ဘာသာ ဂုဏ်ထူး (၄)ဦးတို့နှင့် ရိုးရိုး (၉)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်ကို   ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုကော်မတီက ပညာရေးဝန်ကြီးဌာန၊ UNICEF နှင့်အလှူရှင် နိုင်ငံများ၏ အထောက်အပံ့ရယူကာ ၂၀ဝ၈-၂၀ဝ၉၊ ပညာသင်နှစ်မှ စတင်၍ မြို့နယ် ၅ ခုတို့တွင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနသည် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့နှင့်အတူ UNICEF နှင့် အလှူရှင်နိုင်ငံများ၏ အထောက်အပံ့ ရယူကာ ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းကို ဆက်လက် အကောင်အထည်ဖော်ခဲ့သည်။

 

ဤသို့ဖြင့် ၁၀နှစ်မှ ၁၄နှစ်အရွယ် ကျောင်းမတက်နိုင်သော၊ မူလတန်း မပြီးဆုံးမီ ကျောင်းထွက်သွားသော ကလေးများ မူလတန်းပညာ ပြီးဆုံးနိုင်ပြီး အချို့ကလေးများသည် အခြေခံကျောင်းများသို့ ဆက်လက် တက်ရောက်ခဲ့ခွင့် ရခဲ့သည်။

 

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို၂၀၁၀-၁၁ ပညာသင်နှစ်မှ အစပြု၍ ပြည်တွင်း အလှူရှင်ကြီးများ၏ လှူဒါန်းမှုဖြင့် မြို့နယ်များ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန အစီစဉ်ဖြင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနသည် UNICEF, UNESCO နှင့် အလှူရှင်နိုင်ငံများ၊ World Education  အပါအဝင် INGO,NGO အဖွဲ့များ၊ ပြည်တွင်း အလှူရှင်များ၏ ပံ့ပိုးမှုရယူကာ ဆက်လက် အကောင်အထည်ဖော်ရာ ယခုအခါ မြို့နယ်ပေါင်း ၁၃၆ မြို့နယ်အထိ ကျယ်ပြန့်လာခဲ့သည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းများတွင် ကလေးပေါင်း ၇၅၀ဝကျော် တက်ရောက်နိုင်ခဲ့ပြီး အဆင့်ဆင့် တက်ရောက်လာသည့် ကလေးများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြရာ၂၀၁၆ ခုနှစ်တွင် တစ်ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄ ဦး၊ ယခုနှစ် ၂၀၁၈ခုနှစ်တွင် ၁၄ ဦးထိ အောင်မြင်လာကာ ၁၄ ဦးအနက် မကွေးတိုင်း ပေါက်မြို့နယ် ကျွန်းရင်း ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်းတွင်၂၀၁၂ ခုနှစ်က တက်ရောက်ခဲ့သည့် မောင်ငွေယံစိုးသည် ဓာတုဗေဒ၊ ဘောဂဗေဒ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သကဲ့သို့ တစ်ဘာသာ ဂုဏ်ထူးရှင် ၄  ဦး ထူးထူးခြားခြား အောင်မြင်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)