ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲ ကျင်းပ

ရန်ကုန် ၁၈ ဇွန်

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း အစီအစဉ် ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ သန်းဦးနှင့် အငြိမ်းစား ပညာရှင်များ၊ ဗဟိုအဆင့်နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဒေါက်တာဇော်ဝင်းက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦးက ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းစဉ်ကြောင့် ပညာသင်ယူခွင့် မရသော ကလေးပေါင်း ၇သောင်းကျော်သည် အလယ်တန်းပညာသို့ ဆက်လက်ကူးပြောင်း သင်ယူခဲ့ကြကြောင်း၊ ပြီးခဲ့သည့် (၃)နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်သူ (၁၉)ဦးထိ ကြည်နူးဝမ်းမြောက်ဖွယ် ရှိခဲ့ပါကြောင်း၊ ယခုနှစ် အောင်မြင်သူ (၁၄)ဦးအနက် (၁)ဘာသာ ဂုဏ်ထူးရှင် (၄)ဦးနှင့် (၂)ဘာသာ ဂုဏ်ထူးရှင် (၁)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့၍ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန အငြိမ်းစားပညာရှင်များ (၁၀)နှစ်တာ ကာလကြိုးစား အားထုတ်မှုများကြောင့် ပညာလမ်းပျောက်ခဲ့သူ ကလေးများ ယခုလို ထွန်းပေါက် အောင်မြင်လာခြင်းအတွက်များစွာ အားရ ကျေနပ်မိပါကြောင်း၊ ယခုအခါ ဤလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ရာမှာလည်း ၎င်းမှ အငြိမ်းစား ပညာရှင်များ၊ ယခုလို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခွင့် ရသည့်ကုသိုလ် ကိုလည်း အလေးအမြတ် တန်ဖိုးထားကြောင်း ပြောကြားသည်။

 

ထို့နောက် မူလတန်းပညာရေး ပြီးမြောက်ရန် တစ်နှစ်သာ ကျန်ရှိနေသေးသော မြို့နယ်များမှ ကလေး  (၂၆၃)ဦးတို့အတွက် အလှူငွေ ကျပ် သိန်း(၅၀)ကို Famous International Group of Companies ဥက္ကဋ္ဌ ဦးကျော်ဆွေကလည်းကောင်း၊ မန္တလေးမြို့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းလှိုင်(လူမှုရေးဝန်ကြီး-ငြိမ်း)က အလှူငွေ ကျပ် (၇၅)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဦးသန်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာတင်ညိုတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ဗဟိုအဆင့် (ပထမနှစ်ဝက်) နည်းပြသင်တန်းအား ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနအငြိမ်းစား ပညာရှင်များ ပူးပေါင်းဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)