ကျောင်းဖွင့်ချိန်တွင် ချင်းတောင်-ကလေး-မုံရွာ-မ္တလေး-ရန်ကုန် ခရီးစဉ်ကို သွားလာသူများပြား

မုံရွာ  ၁၁ ဇွန်

 

ယခုနှစ် ဇွန် ၁ ရက်မှစတင်ကာ အခြေခံပညာကျောင်းများနှင့် ကလေး၊ မုံရွာ၊ မန္တလေးနှင့် ရန်ကုန်တက္ကသိုလ်များကို ဖွင့်လှစ်နေပြီဖြစ်ရာ ချင်းတောင်နှင့် ကလေးမြို့နယ်ဘက်တွင် နေထိုင်ပြီး မုံရွာ၊ မန္တလေးနှင့် ရန်ကုန်မှ တက္ကသိုလ်များတွင် ပညာသင်ကြား ဆည်းပူးနေကြသော ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ အခြားအကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာကြသူများဖြင့် ချင်းတောင်-ကလေး-မုံရွာ-မန္တလေး-ရန်ကုန် ခရီးစဉ်တွင် ခရီးသွားသူဦးရေ များပြားလျက် ရှိကြောင်း ကလေးအခြေစိုက် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီမှ သိရသည်။

 

“ပြီးခဲ့တဲ့ မေလထဲမှာ ရာသီဥတုကလည်းပူတော့ ခရီးသွားလာသူနည်းတယ်၊ မေလကုန်ရက်ပိုင်း အခြေခံပညာရေး ကျောင်းတွေ၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်တွေဖွင့်ဖို့ ရက်နီးလာချိန်ကစပြီး ခရီးသည် ပိုပြီးတိုးလာတာပါ၊ အခု ဇွန်လဆန်း ရက်မှာတော့ ချင်းတောင်-ကလေး-မုံရွာ-မ္တလေး-ရန်ကုန် ပြေးဆွဲတဲ့ အဲယားကွန်း လေအိတ်ပါ အဆင့်မြင့် ခရီးသည်တင်ယာဉ်လိုင်းတွေ လူပြည့်တာများတယ်၊ လက်မှတ်ကို ကြိုဖြတ်ထားကြတာများတယ်” ဟု ကလေး-မ္တလေး-ရန်ကုန် ပြေးဆွဲသည့် ကလေးမြို့အခြေစိုက် ချင်းတောင်တန်းကားဂိတ် တာဝန်ခံ ဦးဆောမ်းပူက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ မုံရွာနှင့် မန္တလေးအထိ ဆက်သွယ်ရေးတွင် ရေကြောင်းဖြင့် သွားနိုင်သော်လည်း မေလကုန်ရက်ပိုင်းမှစ၍ ချင်းပြည်နယ် မြောက်ပိုင်းဒေသ၊ ကလေးဒေသနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် မိုးများရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ မကြာခဏဖြစ်သောကြောင့် ချင်းတွင်းရေကြောင်းမှ ခရီးသွားလာသူနည်းပါးကြောင်း သိရသည်။

 

ယခုရက်ပိုင်းတွင် ကလေး-မန္တလေး-ရန်ကုန်မြို့များသို့ ဆက်သွယ်ရေး ကားလမ်းဖြစ်သည့် ကလေးဝ-ယာကြီး လမ်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် အချို့လမ်းပိုင်းနေရာတွင် ဗွက်ထမှုနှင့် လမ်းပျက်စီးမှုများရှိနေပြီး ရွှံ့နွံရုန်းနိုင်သည့် ယာဉ်ငယ်များသာ ပြေးဆွဲနေကြောင်း၊ မဟာမြိုင်လမ်းဖြစ်သည့် ရေဦး-ကလေးဝ လမ်းမှာလည်း မိုးများရွာသွန်းမှုကြောင့် လမ်းခရီးတွင် ကြန့်ကြာမှုများဖြစ်မည်ကို စိုးရိမ်ရကြောင်း၊ ယခု အသွားအလာများနေသောလမ်းမှာ ဂန့်ဂေါပတ်လမ်းဖြစ်ပြီး ထိုလမ်းမှာ လမ်းတာရှည်လျားသော်လည်း လမ်းပျက်မှုမရှိခြင်းကြောင့် ခရီးသည်များကလည်း ကလေး-ဂန့်ဂေါ ပတ်လမ်း ယာဉ်လိုင်းများတွင်သာ စီးနင်းလိုက်ပါကြကြောင်း သိရသည်။

 

ချင်းတွင်းသား