ကြောင်ပြာ - မွေတော် - ဂဝံယဉ်ကျေးမှု

mdn

သတင်းဆောင်းပါး - သောင်းကေတု

 

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းတွင် ရှေးမြို့ဟောင်းများရှိသည်။ ကြောင်ပြာ၊ ကျောက်မော်၊ ကျောက်ကြီး၊ ဆည်မြောင်းမြို့များမှာ ထင်ရှားပြီး အချို့ အမည်မသိမြို့များလည်း ရှိသေးသည်။ ကြောင်ပြာ၊ ကျောက်မော်၊ ဆည်မြောင်းမြို့များတွင် မြို့ရိုးများ ကျုံးရာများ ကျန်ရှိနေပါသည်။ ထိုမြို့များသည် ကုန်းဘောင် ခေတ်တွင် တောင်ငူမြို့စားက အုပ်ချုပ်ရသော တောင်ငူ ၅၂ မြို့တွင် အပါအဝင်ဖြစ်သည်။

 

ကြောင်ပြာမြို့

 

ဤမြို့သည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၅ မိနစ် ၄၄၈၈ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၃ မိနစ် ၃၀၂ စက္ကန့်တွင် တည်ရှိသည်။ တောင်ငူ-မုပ္ပလင် လမ်း သူဌေးကုန်းရွာမှဝဲဘက်သို့ ၁ မိုင်ခန့် ဝင်ရသည်။ မူလက ဟံသာဝတီ ၃၂ မြို့ဝင် ဖြစ်သော်လည်း တောင်ငူဘုရင် မင်းကြီးညို က သိမ်းပိုက်ပြီးနောက် တောင်ပိုင်နယ်တွင် ပါဝင်လာသည်။တောင်ငူသမိုင်းတွင် ဖော်ပြလေ့ရှိသော ““တီဥတီ တွင် ကြောင်ကို ဖီလာဝတီဟုခေါ်သည်။ ကောင်းကင် ဓာတ်ပုံတွင် အရှေ့ဘက်မြို့ရိုးနှင့်တောင်ဘက် မြို့ရိုးများကို ထင်ရှားစွာမြင်နိုင်သည်။ ကျောက်ကြီးမြို့နယ် ဆရာဝန်အဖြစ် ကျွန်တော် တာဝန်ကျစဉ် ၁၉၉၂ ခုနှစ်က နယ်မြေမအေးချမ်းသဖြင့် ကြောင်သို့ မရောက်ခဲ့ပါ။ ၂၀၁၃ ခုနှစ်ကျမှ ပထမဆုံး ရောက်ဖူးပါသည်။

 

ကြောင်ပြာမြို့ဟောင်းကို ကျောက်ဖျာ မြို့ဟုလည်း ရှေးကခေါ်သည်။ ယောမင်တပ်ဟုလည်း ခေါ်သည်။ ရှေးက ကျောက်မော် ၅မြို့တွင် ပါဝင်သည်။ ကျောက်မော်၊ ကျောက်စရစ်၊ ကျောက်ကြီး၊ ကျောက်စောင်းနှင့် ကျောက်ဖျာ (ကြောင် ပြာ) တို့ ဖြစ်ကြသည်။ ကျောက်ဖျာ၊ကျောက်ကြီးနှင့် ကျောက်မော်တို့မှာ စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းတွင် တည်ရှိပြီး ကျောက်စောင်းနှင့် ကျောက်စရစ် တို့မှာ အနောက်ဘက်ခြမ်းတွင် တည်ရှိ သည်။

 

၁၁၄၆ ခုနှစ် ဘိုးတော်ဘုရား လက်ထက်၌ ကောက်ယူသော တောင်ငူ စစ်တမ်းတွင် ကြောင်ပြာ (ယောမင်းတပ်) သူကြီးကို စစ်မေးရာတွင် သူ၏ အဘိုး ငချစ်လှ၊ သား သက်ရှည်နှင့် မြေးတို့ အစဉ်အတိုင်းအုပ်ချုပ်ခဲ့ကြောင်း၊ နယ်မြေ အကျယ်ဆန်းမှာအရှေ့ကိုတစ်သောင်း နှင့်၄ တိုင်ကွာ ဆတ်တရာ၊ လူမူဒီ၊ အရိုး တောင်အထိ၊ အရှေ့တောင်တာတစ်သောင်း ကွာကတ်ကြေးရေတံခွန်အထိ ၊ တောင်ကို ၅ တိုင်ကွာ၊ ကျောက် ၃လုံး စမ်းချောင်းအဝ ကတ်ကြေးမြေနှင့် ကြောခိုင်း၊ အနောက်တောင် ၅ တိုင်အကွာ မျက်ရဲ၊ ဘုရားငုတ်တို၊ အင်သုံးပင် ၊ ဆေးပုလဲရွာအထိ ၊ အနောက်ကို ၄ တိုင် ဇေယျဝတီမြေနှင့် ကြောခိုင်း၊ ကညင်ဒိုင်းအထိ၊ အနောက်မြောက် ၈ တိုင် အကွာ ဘွဲ့ ဒိုင်းနှင့် ကြောခိုင်း၊ ကြက်တက်ညောင်ပင်၊ ဂုံညင်းတန်းနှင့် ကုလားသေ ချောင်းဝအထိ၊ မြောက်ဘက် တာတစ်သောင်း အကွာ မဲဘလံမြေနှင့် ကြောခိုင်း မဲခွချောင်း အထိ၊ အရှေ့မြောက် တာတစ်သောင်းနှင့် ၂ တိုင်ကွာ မဲဘလံမြေနှင့် ကြောခိုင်း ဖောလော တောင်၊ သရက်ဒိုးအထိ ကျယ်ဝန်းပါသည်။ ဤနယ် (၈) ရပ်အတွင်း လယ်သမားများက ကျွဲ တစ်ရှဉ်းထွန် (၁၀ဧက) လျှင် စပါး ၁၀ တင်း၊ တောင်ယာ စိုက်သူများက စပါး ၂ တင်း နှင့် ၂ ပြည် အခွန်ထမ်းဆောင်ရသည်။ အခွန် စပါးကို မြို့ဝန် ၁ တင်း၊ မြို့စာရေး ၁ ခွဲ၊ ကျီဝန် ၁ တင်း၊ သရုံးအတွက် ၁ တင်း၊ ကြွက်စား အလေအလွင့် ၁ တင်း၊ တာလီ စာရေး ၁ စိတ် ခွဲဝေယူကြပြီး ကျန်စပါးများကို တောင်ငူရုံးတော်သို့ ဆက်သွင်းရကြောင်း၊ သစ်ခုတ်သူများက သစ်တစ်လုံးလျှင် ၁၀ ကျပ်၊ လှေအသစ် ပြုလုပ်လျှင် တစ်စင်းကို ၁၀ ကျပ်၊ ကိုင်းစိုက်သူများက မတစ်ချောင်းလျှင် ၅ မူး ငါးဖမ်းလုပ်ငန်း ဆည်တစ်ခုလျှင် ၂ ကျပ်၊ ငါးထောင်ချောက် တစ်ခုလျှင် ၁ ကျပ်နှုန်းကောက်ယူသည်။ ကရင်လူမျိုးများက နှစ်စဉ် ကွမ်းသီး ပိဿာ ၂၀ဝ အခွန် ဆက်ရ သည်။ ကွမ်းသီး၊ ယိုစုံ၊ ငါးချဉ်၊ သဇင်ပန်း၊ လောင်းပန်း၊ ဂမုန်းအင်ပန်းများကိုလည်းတောင်ငူမြို့ ရုံးတော်မှတစ်ဆင့် ဆက်သရသည်။

 

မွေတော်စေတီများနှင့် ဂဝံယဉ်ကျေးမှု

 

ကြောင်ပြာအရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ ရှေးဟောင်းသမိုင်းတွင် မွေတော်စေတီ ညီနောင် တည်ရှိသည်။ ဘုရားအလောင်း ကြက်မင်းဘဝက ဤဒေသတွင် ကျက်စားခဲ့ သည်ဟု ဘုရားသမိုင်းကဆိုသည်။ တောင်ကုန်း ငယ်တစ်ခုစီတွင် နောင်တော်စေတီနှင့် ညီတော်စေတီတို့ တည်ရှိပြီး ၂ ဖာလုံခန့် ကွာဝေးသည်။ မြေပြန့်တွင် မယ်တော်စေတီ တစ်ဆူရှိသည်။ ရေကန်ကြီးတစ်ခုအနီး တွင်လည်း စေတီတစ်ဆူရှိသည်။ ညီတော် စေတီခြေရင်းတွင် ၁၀ ပေခန့် ကျယ်ပြီး ပေ ၂၅၀ ခန့် ရှည်လျားသော ဂဝံကျောက်ဖြင့် တည်ဆောက်ထားသည့် လှေကားထစ်များ ရှိသည်။ အလျား ၃ ပေ၊ အနံ ၂ပေ၊ ထု ၁ ပေ ခန့်ရှိသော ဂဝံကျောက်တုံးများကို စီထပ်ထား သည်။ နံဘေးမှ လက်ရန်းများကိုလည်း ဂဝံတုံးများကို အကွေ့အဝိုက် လှီးဖြတ်ပြီး ပုံဖော်ထားသည်။ လှေကား ၁၀ ထစ်ခန့် တက်ပြီးလျှင် လေးပေခန့်ကျယ်သော ရင်ပြင် ကွက်လပ်တစ်ခုစီ ထည့်သွင်းတည်ဆောက်ထားသည်။ တောင်ခေါင်ခေါင်အရပ်တွင် ခံ့ညားထည်ဝါသော ဂဝံလှေကားထစ်များကို တွေ့ရသည်မှာ ရင်သပ်ရှုမောအံ့ဩရပါ သည်။ ညီတော်စေတီမှနောင်တော်စေတီသို့သွားသော မြေနီလမ်းကလေးမှာ အင်တောကြီးအလယ် တွင် ဖြောင့်တန်းစွာ ဖောက်လုပ်ထားသည်။ နောင်တော်စေတီ၏ ရင်ပြင်နှင့် ပစ္စယံများ အက်ကွဲလာသဖြင့် နတ်သံကွင်း၊ ရေတွင်းကုန်း ဆရာတော်က ဦးဆောင်ကာ အသစ်ပြန်လည် ပြင်ဆင်နေသည်။ ၂-၅-၂၀၂၀ ရက်နေ့တွင် ထီးတော်တင်မည်ဟုသိရသည်။ နောင်တော် စေတီ၏ ကုန်းတော်အောက်ခြေတွင် ဂဝံ တုံးကြီးများကို စီကာ မြေထိန်းနံရံပြုလုပ်ထားသည်။

 

၂၀ဝ၇ ခုနှစ်က ကြောင်ကြာမြို့ဟောင်း အတွင်းမှ ရှေးဟောင်းစေတီတစ်ဆူကို ရှင်းလင်းရာတွင် ဂဝံရုပ်ပွားတော်များ ဉာဏ်တော် တစ်ပေခန့်ရှိ ရပ်တော်မူကြေး  ဆင်းတုတော်တစ်ဆူ၊ ကြေးလင်ပန်းများကို တွေ့ရှိခဲ့ရသည်။ ဂဝံ ရုပ်ပွားတော်များမှာ ဉာဏ်တော်ပေခန့်ရှိပြီး နှစ်ပိုင်း သုံးပိုင်းကျိုးပျက်လျက်ရှိသည်။ ပုံတော် များကို ပြန်လည်ဆက်စပ်ကြည့်ရာ၊ မျက်နှာတော်၊ နားရွက်တော်များ ပီပီပြင်ပြင်ရှိသည်ကို တွေ့ရသည်။ အုတ်ချပ်များတွင် ထင်ရှားသော လက်ရေးစင်းများကို တွေ့ရသည်။ အုတ်ချပ်များ၏ အလေးချိန်မှာ ထင်သည် ထက်ပေါ့ နေသဖြင့် နှစ်ပေါင်းအလွန်ကြာသော ကာလက အုတ်ချပ်များ ဖြစ်နိုင်ပါသည်။ စေတီငှက်ပျောဖူးပုံ သဏ္ဌာန်ဂဝံကျောက်တုံးတွင် ဌာပနာထည့်သည့်အပေါက်ပါရှိသည်။ ဖေဖောင်းရစ် သုံးဆင့်ကိုလည်းတွေ့ရသည်။

 

ကြေးဆင်းတုတော်၏ မုဒြာမှာ ဒေသ စာရီ ကြွချီနေသောပုံဖြစ်သည်။ ဆင်းတုတော်၏ နောက်ကြောတွင် ချိတ်ရန် ချိတ်တစ်ခုပါပြီး ခြေတော်အစုံတွင် အောက်ခံပလ္လင်၌ စိုက်ရန် အချွန်ပါသည်။ အေဒီ ၇ ရာစုခန့်က ဒီပင်္ကရာဘုရား ရုပ်ပွားတော်ဖြစ်ပြီး သင်္ဘောဦးတွင် ချိတ်ဆွဲ ပူဇော်သော ရုပ်ပွားတော်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ ပညာရှင် တစ်ဦးက ပြောပါသည်။

 

တွံတေးမြို့နယ် တံခွန်တိုင်ကျေးရွာတွင်လည်း ဤရုပ်ပွားတော်မျိုး သုံးဆူကို တစ်နေရာတည်းတွင် တွေ့ရှိခဲ့ သည်။ ထိုရုပ်ပွားတော် များမှာ အရွယ်အစားပိုကြီးသည်။ ကြောင်ပြာ မြောက်ဘက် တောတွင်းတစ်နေရာတွင် ဒေသအခေါ် ဂဝံလှည်းဘီးများရှိသည်ဟု သိရသည်။ အချင်း နှစ်ပေခွဲခန့်ရှိပြီး အလယ်တွင် အပေါက်ပါသော ဂဝံတုံးများ ပြန့်ကျဲ တည်ရှိနေသည်။ အဆောက်အဦ တည်ဆောက်ရာတွင် အသုံးပြုရန် ပြုလုပ် ထားပုံရသည်။ ဤဒေသတွင် ဂဝံပေါများစွာ ထွက်ရှိသည်။ ထို့ကြောင့် ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့သော အရပ်ဖြစ်သည်။

 

၂၃-၂-၂၀၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများကြောင်ပြာကျေးရွာ လူထုနှင့် တွေ့ဆုံခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ကြောင်ကြာမြို့ဟောင်း ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးကိစ္စ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်ရန်ကိစ္စများကို ရှင်းလင်းပြောကြားပါ သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် အကြီးဆုံးသော ဂဝံယဉ်ကျေးမှု အမွေအနှစ်များဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူလက်တွဲကာ ထိန်းသိမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပါမည်။ ကျေးရွာလူထုက ကြောင်ပြာ အဝင် ပြဒါးချောင်း (ကျောက်ကြီးချောင်း)  ကူး ကွန်ကရစ်တံတားတည်ဆောက်ပေးရန်၊ လျှပ်စစ်မီးရရှိရေးကိစ္စများကို တင်ပြ တောင်းဆိုကြပါသည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်က လာမည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဒေသထွက် အမှတ်တရဆိုင်များ၊ ထုတ်ကုန် ပစ္စည်းများ တီထွင်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

 

ကျောက်ကြီးမြို့နယ်သည် ယခင်က အေးချမ်းမှုမရှိသော်လည်း ယခုအခါ ငြိမ်းချမ်းရေး စတင်ရရှိလာပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန် လာပါသည်။ ကျောက်ကြီးမြို့ တောင်ဘက်ရှိ စပ်လဲရေတံခွန်၊ သဲသောမူ၊ သဲသောခါး ရေတံခွန်များတွင် ရန်ကုန်နှင့် အနယ်နယ် အရပ်ရပ်မှ အပန်းဖြေလာရောက်သူများ ဖြင့် စည်ကားနေပါသည်။ ရှေးဟောင်း မြို့များကို ဖော်ထုတ်ပြီး ခရီးသွားလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ကျမ်းကိုး

တောင်ငူမြို့စစ်တမ်း (၁၄၆ ခုနှစ်၊ ဘိုးတော်ဘုရားစစ်တမ်း)

BURMESE SIT-TANS (1764 -1826) by Frank N. Trager/ William. J Koening

 

mdn