ကျောင်းများအားလုံးအပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်

နေပြည်တော် မေ ၃

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန်(၃)ရက်တွင်  ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းများ မဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဧပြီ ၂၂ ရက်တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစား ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ် ပညာကျောင်းများ စတင်ဖွင့်လှစ်သည့်ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားစသည့် အားကစားနည်းပြိုင်ပွဲများကို  ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သြဂုတ်လတွင် ဝန်ကြီးဌာပေါင်းစုံဘောလုံး အားကစားပြိုင်ပွဲကျင်းပသွားမည်ဖြစ်ရာ အဆင့်မြင့်ပညာမှ (၂)သင်း၊ ဆရာအတတ်ပညာမှ(၂)သင်း စုစုပေါင်းလေးသင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံး ကြရမည် ဖြစ်ပါကြောင်း၊ အချို့သောနယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအားလုံး ဇွန်လတွင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူး‌ပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစတင်၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ် များတွင် ပထမနှစ် ကျောင်းသားကျောင်းသူကို လူရည်ချွန်များ ပြန်လည်ရွေးချယ်ခေါ်ယူ မည်ဖြစ်ပါကြောင်း ပြောကြား သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပရောဂျက်အခြေပြုသင်ကြား သင်ယူမှုစနစ် အောင်မြင်အောင်ကြီးကြပ်ရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု MSME ဆိုင်ရာ သုတေသန လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရေး၊ နွေးထွေးသော အထက်အောက်ဆက်ဆံရေး ထူထောင်ရေး တို့ကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထား ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများပေးပို့ရန်အတွက် မှာကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌၊ အခြေခံပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် တို့က  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေး ဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)