ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၉ ဇွန်

Shwe Taung Group မှ အမှတ်စဉ်(၁၀ဝ)မြောက် ဆောက်လုပ်လှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (၂)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ ခရမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွန်းနှင့် Shwe Taung Group မှ CEO ဦးအောင်ဇော်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ Shwe Taung Group ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ စင်ကာပူသံအမတ်ကြီး H.E. Ms Vanessa Elisabeth Chan Yuen Ying နှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ် ဖွင့်လှစ်ကြပြီး ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသား ကျောင်းသူများ ပညာသင်ကြားသင်ယူမှု လုပ်ငန်းများ အဆင်ပြေစေရန် ရွှေတောင်ကုမ္ပဏီမှ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ဒေသခံကျောင်းသား ကျောင်းသူများအတွက် များစွာ အကျိုးရှိသကဲ့သို့ နိုင်ငံတော်အတွက်လည်း များစွာ အကျိုးရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ပညာသင်ယူခွင့်ရရှိခြင်းဖြင့် နိုင်ငံအတွက် တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင် ဆန်းသစ်နိုင်စွမ်းရှိသော လူသားများ ပိုမိုပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပြီး အခြေခံပညာ တတ်မြောက်ခြင်းဖြင့် သက်မွေးဝမ်းကျောင်း ပညာသင်တန်း သို့မဟုတ် အဆင့်မြင့်ပညာ အထူးပြုနယ်ပယ်များတွင် ဆက်လက် သင်ယူနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဂုဏ်ပြုစကားပြောကြားသည်။

ထို့နောက် Shwe Taung Group မှ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး Shwe Taung Group မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းက ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက Shwe Taung Group မှ ဆောက်လုပ်လှူဒါန်းခဲ့သည့် အမှတ်(၁)အခြေခံပညာကျောင်း ဆောက်လုပ်လှူဒါန်းရာတွင် ပါဝင်ခဲ့ကြသည့် စင်ကာပူနိုင်ငံမှ အလှူရှင်များ၏ ကိုယ်စား Mr.Bernard Shaw နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ ခရမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ ကျောင်းအကျိုးတော်ဆောင် ဒေါက်တာဇော်ဝင်း၊ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Ms Vanessa Elisabeth Chan Yuen Ying နှင့် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းတို့က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်သစ် အဆောက်အအုံတွင် စာသင်ခန်း (၈)ခန်း၊ စာသင်ခုံ(၁၂၀)ခုံ၊ အိမ်သာ(၁၀)ခန်းပါဝင်သော အလျား ၁၃၂ ပေ၊ အနံ ၃၉ ပေ စတုရန်းပေ ၁၀၂၉၆ ပေကျယ်ဝန်းသည့် RC နှစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သတင်းရရှိသည်။

(ပညာရေး)