ကျောင်းဆောင်သစ်ဖွင့်ပွဲ နယ်စပ်ရေးရာပြည်ထောင်စု၀န်ကြီးတက်ရောက်

နေပြည်တော် ၁၀  ဇွန်      

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် (၃) ထပ် ကျောင်းသူအိပ်ဆောင်၊ (၂) ထပ် စားရိပ်သာနှင့် (၂) ထပ် စာကြည့်တိုက် အဆောက်အဦသစ်များ ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ကျောင်းသူအိပ်ဆောင်သစ်၌ ကျင်းပခဲ့ရာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံတို့မှ (၃) ထပ်ကျောင်းသူ အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်က  ကျောင်းသူအိပ်ဆောင်သစ် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး ဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါက်တာမင်းသန့်ထံသို့ သက်ဆိုင်ရာ ကုမ္ပဏီများမှ အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် (၃) ထပ်ကျောင်းသူအိပ်ဆောင် ၊ (၂) ထပ် စားရိပ်သာ နှင့် (၂) ထပ် စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ နှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်သည်။ ဒီဂရီကောလိပ်၊ ရန်ကုန်၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် နယ်စပ်ဒေသအသီးသီးမှ တက်ရောက်ပညာသင်ကြားနေသော ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင်နီယာ ကျောင်းသား (၈၅၆) ဦး၊  ကျောင်းသူ (၇၇) ဦး နှင့် မဟာကြိုကျောင်းသား (၁၁၆) ဦး စုစုပေါင်း (၁၀၄၉) ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်သည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ရန်ကုန်အရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် စက်ယန္တရားများထားရှိသည့် သိုလှောင်ရုံသို့ ရောက်ရှိပြီး သိုလှောင်ရုံအတွင်းရှိ စက်ယန္တရားများနှင့် လုပ်ငန်းခွင် ထုတ်ပေးထားရှိမှု အခြေအနေများ၊ စက်ယန္တရား ထိန်းသိမ်းထားသိုမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)