ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

Shwe Taung Foundation မှ (၁၀၃) ဆောင်မြောက် ဆောက်လုပ်လှူဒါန်းသည့် (၁)ထပ် ကျောင်းဆောင်သစ် အဆောက်အဦဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် အင်းလျားကျေးရွာ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် ဖွင့်လှစ်ခဲ့သည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်ဌေး၊ ရွှေတောင်ဖောင်ဒေးရှင်းမှ ဦးအောင်သန်း၊ ပြည်မြို့နယ် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးသန်းဦးနှင့် ဝက်ထီးကန် တိုက်နယ်ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုးတို့က ကျောင်းဆောင်သစ်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ Shwe Taung Foundation မှ နာယက ဦးအိုက်ထွန်း နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်ဖွင့်ပွဲ ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖြန်းခဲ့ကြသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လိုအပ်ချက်အတွက် ကျောင်းများဖွင့်လှစ် ပေးခြင်း၊ ကျောင်းအဆင့်တိုးများ ဖွင့်လှစ်ပေးခြင်း၊ ဆရာ၊ ဆရာမများ၊ ပရိဘောဂပစ္စည်း များ၊ စာကြည့်တိုက်များ၊ အားကစားပစ္စည်းများ စသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ပြည်သူများနှင့် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အလယ်တန်းကျောင်း ခွဲတွင် ပေ ၆၀ × ၃၀ ပေ (၁)ထပ် ကျောင်းဆောင်ကို ရွှေတောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်စာရင်းများအရ ကျောင်းဆောင်ပေါင်း (၄၄၁၂၉) လိုအပ်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ အောက်တိုဘာလမှ စက်တင်ဘာလ အထိ ဘဏ္ဍာရေးနှစ်အရ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခွင့်ပြုချက်အရ အဆောက်အဦ စုစုပေါင်း(၄၇၉၉) ခွင့်ပြုရရှိပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်သည့် ကျောင်းဆောင်များကို ပုဂ္ဂလိကကဏ္ဍမှပူးပေါင်း လှူဒါန်းပေးသည့်အတွက် တန်ဖိုးထား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အဓိကအရေးကြီးသည့်အချက်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်းမှသာ အမှန်တကယ်လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုး ဆောင်ရွက်ရန် ကျောင်းသား ဦးရေပြည့်မီမှု သို့မဟုတ် မြေပြန့်ဒေသဖြစ်ပါက ၃ မိုင်ရှိရမည်ဖြစ်ပြီး သွားရေးလာရေး ခက်ခဲသောနေရာ ဖြစ်ပါက ၂ မိုင် ရှိရမည်ဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များအပေါ် မူတည်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍမှပူးပေါင်း ဆောင်ရွက်ကြသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းကူညီဆောင် ရွက်ကြစေလိုကြောင်း ဖြင့် ပြောကြားသည်။

 

ယင်းနောက် Shwe Taung Foundation မှ နာယက ဦးအိုက်ထွန်းက ကျောင်း ဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တီမောနိုင်ငံမှ သံအမတ်ကြီးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 

ထို့နောက် သံအမတ်ကြီးများ၊ အလှူရှင်များက ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေ များပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါက်တာမာမာဇင်နှင့် ဝက်ထီးကန်တိုက်နယ် ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းနောက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေနှင့် ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်စိုးတို့က ကျေးဇူးတင်စကား ပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)