ကောလင်းမြို့နယ်တွင် စားသုံးသူရေးရာ သိကောင်းစရာအကြောင်း ပညာပေးဟောပြော

ကောလင်း      အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်စားသုံးရေးရာဦးစီးဌာနမှ ကျောင်းဖွင့်ရာသီချိန်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား စားသုံးကုန်များနှင့် ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် စားသုံးရေးရာ သိကောင်းစရာများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကောလင်းမြို့နယ် စိန်တောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အင်တပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ပြီး စားသုံးသူရေးရာ သိကောင်းစရာအကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စာသင်ကျောင်းများသို့ သွားရောက်ပြီး စားသုံးရေးရာသိကောင်းစရာ အကြောင်း ပညာပေးဟောပြောရာတွင် ကောလင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်ကြိုင်က ကျောင်းသား ကျောင်းသူများအား သရေစာမုန့်များ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ရှောင်ကြဉ်သတိပြုရန်အချက်များနှင့် စားသုံးသူအခွင့်အရေး ဆိုင်ရာများ၊ ၂၀၁၉ ခုနှစ်၊ မတ် ၁၅ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေပါ အချက်အလက်များနှင့် PDA မှ ပိတ်ပင်ထားသော စားသောက်ကုန်ပစ္စည်း အမျိုးအမည်များကို ဆွေးနွေးဟောပြောခဲ့ကြသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများက ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် စားသောက်ကုန်များ၊ စားသုံးသူများရပိုင်ခွင့် အခွင့်အရေးများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ရှင်းလင်းဖြေကြားပေးပြီး စားသုံးသူရေးရာသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

 

မြင့်ထွန်းမင်း (ပြန်/ဆက်)