ကောလင်း  ၁၅  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းရှိ ကိုဗစ်-၁၉ ကာလတွင် တိုင်းရင်းဆေး (ကိုဗစ်နိုင်) ဆေးလျှက်ဆား တားမြစ်ထားသောဆေးဝါးများနှင့် သုံးစွဲရန်မသင့်သောဆေးများ  ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် ၉နာရီက တိုင်းရင်းဆေးဆိုင်များ၊ ဆေးမျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

 

"တားမြစ်ထားသော ဆေးဝါးများဖြစ်တဲ့ မန္တလေးမြို့မှ ထုတ်လုပ်ဖြန့်ချိတဲ့ Win အမှတ်တံဆိပ်ပါ သဘာဝမုန့်ညင်းဆီ၊ ဟီးရိုးစတား အမှတ်တံဆိပ်ပါ  ပဥရူပအားတိုး ဆေး၊ အားဆေးဘုရင် ချက်ဆေးဘူး၊ Superအမှတ်တံဆိပ်ပါ နန်းလုံးကြိုင် အဆီ အကြောသန်အထူးလိမ်းဆေးကြီး၊ ဗိုလ်တစ်ထောင်မြို့မှ ထုတ်လုပ်ဖြန့်ချိသည့် ငွေနတ်သား အမှတ်တံဆိပ်ပါ လေးဘက်နာနှင့် ထိပ်ကပ်နာကုဆေး၊ အာရှရွှေကြယ် အမှတ်တံဆိပ်ပါ အဆစ်အမြစ်ရောင်ရောဂါသောက်ဆေးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါးများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကိုဗစ်-၁၉ ကာလတွင် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေး (ကိုဗစ်နိုင်)ဆေးလျက်ဆား ရောင်းချခြင်းရှိ/မရှိ တို့ကိုစစ်ဆေး" ခဲ့ပါတယ်ဟု ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေးက ပြောပြသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိန်ဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြိုင်တို့က ဦးဆောင်ပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကောလင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)