ကောလင်းမြို့၌ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကောလင်း     ၃၁     အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံ ပြည်သူများ  တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ရက်နေ့  မွန်းလွဲပိုင်းက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးစိုးသူရထွန်းနှင့် အတွင်းရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကောလင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က တွေ့ဆုံ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

၎င်းနောက် ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက အသေးစားနှင့် တစ်ပိုင်တစ်နိုင် ရွှေလုပ်ကွက်များ ချထားပေးနိုင်ရေးနှင့် သတ္ထုတွင်းဥပဒေတို့ကို မေးမြန်းဆွေးနွေးကြသည်။

 

မေးမြန်း ဆွေးနွေးမှုများကို ကော်မတီအဖွဲ့ဝင်များနှင့် အမှတ်(၂) သတ္ထုတွင်းလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးထိန်ဝင်းတို့က သတ္ထုတွင်းဥပဒေနှင့်သစ်တောဥပဒေတို့ကို ပြန်လည် ဆွေးနွေး ခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲကို  ပြည်သူ့လွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၁၅၀ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကိုကိုမောင်(ပြန်/ဆက်)