ကောလင်းမြို့၊ လာကာ ကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာအား အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစားပေးမည်ကို ပွင့်လင်းမြင်သာစွာ ကြေညာ၍ လေလံပစ်သည့်စနစ်ဖြင့် မျှတသော ယှဉ်ပြိုင်ခွင့် ပေးရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၁၅ ဇူလိုင် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်က ကောလင်းမြို့၊ လာကာကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိထားသော ရွှေထွက်ရာနေရာအား အသေးစား၊ အလတ်စား သို့မဟုတ် အကြီးစားပေးမည်ကို ပွင့်လင်းမြင်သာစွာ ကြေညာ၍ လေလံပစ်သည့်စနစ်ဖြင့် မျှတသော ယှဉ်ပြိုင်ခွင့်ပေးရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လာကာဒေသသည် စစ်ကိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ကန့်ဘလူ၊ ထီးချိုင့်မြို့နယ်များအတွင်း ရွှေနှင့် ကြေးနီသတ္တုအကြီးစား သတ်မှတ်လုပ်ကွက်ဧရိယာ ၁၁၉၅၅.၉၉ စတုရန်း ကီလိုမီတာအတွင်း ကျရောက်နေကြောင်း၊ ရွှေတွေ့ရှိရာနေရာသည် ပြည်ပကုမ္ပဏီများ ဖြစ်ကြသည့် Myanmar Reserves Development ကုမ္ပဏီ၏ ရွှေနှင့်ကြေးနီဆက်စပ်သတ္တုများ ရှာဖွေရေး၊ စမ်းသပ်တိုင်းတာ ရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်း ခွင့်ပြုထားသည့် ဧရိယာ ၆၅.၁၀၃၂ စတုရန်းကီလိုမီတာအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအခြေပြု Myanmar Reserves Development ကုမ္ပဏီသည် ဝန်ကြီးဌာန၏ ၂၇.၁၁.၂၀၁၈ ရက်စွဲပါ ခွင့်ပြုမိန့်နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် ၂၇.၁၁.၂၀၁၈ ရက်နေ့တွင် နှစ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါကြောင်း။


ထို့အပြင် လာကာကြိုးဝိုင်းအတွင်း ပါဝင်နေသည့် ကျန်ဧရိယာများသည် Daewoo Precious Resources Co., Ltd က ရှာဖွေစမ်းသပ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၄.၁.၂၀၁၈ ရက်နေ့တွင် ပြန်လည်အပ်နှံခဲ့သော် လည်း ၎င်းကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်ခဲ့သည့် မြောက်ကျွန်းသူ မမကုမ္ပဏီက ပြန်လည်လျှောက်ထားပြီး ထိုဧရိယာသည် အဆိုပါကုမ္ပဏီနှစ်ခုကြားရှိ Buffer Zone တွင် ကျရောက်နေခြင်း၊ ၂၆-၇-၂၀၁၈ ရက်နေ့က လုပ်ကွက်သစ်လျှောက်ထားမှုများ ပြန်လည်လက်ခံခဲ့ရာ အချင်းချင်းလုပ်ကွက်များ ထပ်နေခြင်း၊ Myanmar Reserves Development Co., Ltd ၏ တိုးချဲ့လုပ်ကွက်နှင့် လွတ်ကင်းမှုမရှိခြင်းကြောင့် ရှုပ်ထွေးမှုများ ရှိလာနိုင်သည့်အတွက် လက်ရှိအနေအထားတွင် လုပ်ကွက်သစ်များ ချထားပေး၍မရပါကြောင်း။


လက်ရှိ စာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီများ လုပ်ကွက်ပြန်လည်အပ်နှံခြင်း သို့မဟုတ် ဧရိယာလျှော့ချစွန့်လွှတ်ခြင်း မြန်မာ့သတ္တုတွင်းနည်းဥပဒေများ အခန်း(၁၂) နည်းဥပဒေ ၁၁၆ နည်းဥပဒေခွဲ(ခ)နှင့် နည်းဥပဒေခွဲ(ဂ) တို့အရ အလတ်စား၊ အကြီးစားဧရိယာအဖြစ် လျှောက်ထားလာပါက ကုမ္ပဏီကြီးများက လုပ်ကွက်ပြန်လည်အပ်နှံခြင်း သို့မဟုတ် ဧရိယာ လျှော့ချစွန့်လွှတ်ပေးလျှင် တင်ဒါစနစ်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN
Credit. ပြည်သူ့လွှတ်တော်