ကောလင်း သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဝါးသီးကုန်းကျေးရွာဒေသထွက် ငှက်ပျောဖီးများ အထွက်နှုန်းကောင်းသော် လည်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလ၌ စျေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော့်ရွာမှာ ငှက်ပျော်ခြံက ဧက(၁၀၀)ကျော် ရှိပါတယ်။ ကျွန်တော်ကတော့ ဖီးကြမ်း၊ ငှက်ပြာ ငှက်ပျောပင်ကို အများဆုံး စိုက်ပျိုးပြီး (၈)ဧကကျော် စိုက်ပျိုးထားပါတယ်။ ပဇင်းခေါင်းကားအသေးဖြင့် တစ်ရက်ကို ငှက်ပျောဖီး ၆၅၀ ကျော် နေ့စဉ်ခုတ်ပြီး ကောလင်းမြို့ပေါ်ရှိ တစ်ဆင့်ပြန်လည်ရောင်းချသူများထံ ပို့ပေးရပါတယ်။  ယခင်က ငှက်ပျော်ဖီး တစ်ဖီးကို အကြီးအသေး ရောရာ ၇၅၀ကျပ်၊ ၈၀၀ကျပ်အထိ ရောင်းချရပြီး ယခု တစ်နိုင်ငံလုံး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ ၅၀၀ကျပ်သာ ရောင်းချရသည့်အတွက် အထွက်နှုန်းကောင်းသော် စျေးနှုန်ကျဆင်းလျက် ရှိပါတယ်။ ငှက်ပျောတစ်ဖီး ၅၀၀ကျပ်ကို အမြဲပို့နေကြ တစ်ဆင့်ပြန်လည် ရောင်းချသူများက အရင်လို မယူတော့ လျော့၍ ခုတ်ပို့ရပါတယ်” ဟု ဝါးသီးကုန်းကျေးရွာမှ ငှက်ပျော်စိုက်ပိုင်ရှင် တစ်ဦးကပြောပြသည်။

“ငှက်ပျောတစ်ပင်နှင့်တစ်ပင်က ၁၀ပေ ခြားပြီးစိုက်ပါတယ်။ ငှက်ပျောစိုက်မည့် ကျင်းထဲသို့ နွားချေးဆွေး ထည့်စိုက်နိုင်ရင်တော့ အပင်ဖြစ်ထွန်းမှု ပိုကောင်းပါတယ်။ စိုက်ပြီး တစ်နှစ်ကျော်လျှင် ငှက်ပျောခိုင်များ ခုတ်ရောင်းလို့ရပါတယ်။ ငှက်ပျောတစ်ရုံးလျှင် ၇ခိုင်၊ ၈ခိုင်အထိ ထွက်ပြီး ငှက်ပျောခိုင်များခုတ်ပြီးလျှင် အပင်များအား ရှင်းလင်းရပါတယ်။ ဒါမှ ပြန်လည် ငှက်ပျောခိုင်များ အဖီးများများကျပြီး အလုံးကြီးပါတယ်။ စိုက်ပြီး ၅နှစ်ကြာလျှင် ငှက်ပျောခြံအိုသွားသဖြင့် ငှက်ပျောခိုင်များ လျော့နည်းသွားပြီး ငှက်ပျောသီးများ အလုံးသေးပြီး အစေ့များပါ ထည့်လာသဖြင့် ပြန်ပြောင်းရွှေ့ စိုက်ပျိုးရပါတယ်”ဟု ၎င်းကဆက်လက်ပြောပြသည်။
“ကျွန်မက ငှက်ပျောဖီးများကို တစ်ဆင့်ပြန်လည်ရောင်းချသူပါ။ ကိုဗစ်-၁၉ရောဂါ မဖြစ်ခင်က နတ်ပွဲ၊ သာသနာပွဲနှင့် စားရအောင် ဝယ်သူများဖြင့် ရောင်းကောင်းပါတယ်။ အခုက ရောဂါဖြစ်မှုများလာတော့ စျေးဝယ်သူနည်းပါးတဲ့အတွက် ယခင်ကလောက် ရောင်းမကောင်းတာကြောင့် များများ မယူဖြစ်တာပါ” ဟု တစ်ဆင့်ပြန်လည် ရောင်းချသူတစ်ဦးက ပြောပြသည်။

၎င်းကျေးရွာတွင် လယ်ယာလုပ်ငန်းအဓိကထားလုပ်ကိုင်သော်လည်း ငှက်ပျောပင်များက  နေ့စဉ်ဝင်ငွေရရှိသဖြင့် တစ်ရွာလုံး စိုက်ပျိုးကြပြီး ယခုနှစ်တွင် ငှက်ပျောဖီးများ အထွက်နှုန်းကောင်းသော်လည်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ စျေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)