ကျောက်တန်းမြို့နယ်အတွင်း သောက်သုံးရေ သန့်ရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်မှုကင်းဝေးစေရန် စီစဉ်မည်

ရန်ကုန် ၂၅ ဇွန်

ကျောက်တန်းမြို့နယ်အတွင်း သောက်သုံးရေသန့်ရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်မှုကင်းဝေးစေရန် ဘန့်ဘွေး ကုန်း ရေလှောင်တမံ ရေဝေရေလဲဧရိယာနှင့် ထိစပ်နေသည့် နေအိမ်များအား နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ အုပ်ချုပ်ရေးစသည့် အချက်များအပေါ် အခြေခံပြီး ဆောင်ရွက်သွားရန် စီစဉ်မည်ဖြစ်ပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

ယနေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ကျောက်တန်းမြို့ကို သောက်သုံးရေပေးဝေသော ရေကန်များ၏ ရေဝေရေလဲ ဧရိယာအတွင်း ရေအိမ်များ ဆောက်လုပ်အသုံးပြုမှုများကြောင့် သန့်ရှင်းမှုနှင့် ကျန်းမာ ရေးထိခိုက်မှုကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းရခြင်းနှင့် ပတ်သက်၍ “ကျွန်မတို့ကျောက်တန်း မြို့ပေါ်က ရပ်ကွက်တွေကို ကျောက်တန်းမြို့နယ်စည်ပင်သာယာကော်မတီက ယခင်က သောက်သုံးရေဖြန့်ဝေ ပေးတဲ့ ဆင်ကန်ဆိုတဲ့ ရေကန်ကြီးနဲ့ လုံလောက်ပါတယ်။ နောက်ပိုင်းမှာ လူဦးရေများပြား လာပြီး စက်မှုဇုန်တွေ ဂဏာန်းမွေးမြူရေးဇုန်တွေ တိုးလာတဲ့အတွက်ကြောင့်မို့လို့ ခုနောက်ပိုင်းမှာ ဘန့်ဘွေး ကုန်းရေလှောင်တမံက ရေကို သောက်သုံးရေအဖြစ် ဝေငှပေးပါတယ်။ အဲဒီလိုဝေငှပေးရာမှာ ဆင်ကန်အထိ ပိုက်နဲ့သွယ်ပြီးတော့ ဆင်ကန်ကနေမှတစ်ဆင့် ဖြန့်ဝေပေးပါတယ်။ ကျောက်တန်းမြို့နယ်မှ တစ်အိမ်ကို ၄၀ဝ၀ နှုန်းနဲ့ အိမ်တိုင် ရာရောက်စနစ်နဲ့ ပေးဝေပါတယ်။ အခုဖြစ်နေတာက ဘန့်ဘွေးကုန်းရေလှောင်တမံထဲမှာ ကန်ရဲ့ဧရိယာအနီး အနားမှာ အိမ်တွေနောက်ကျောပေးပြီး ဆောက်ထားတဲ့အတွက် အဲဒီအိမ်တွေရဲ့ သန့်စင်ခန်းတွေဟာ ကန်ရဲ့ ရေမျက်နှာပြင်နဲ့ ထိစပ်လျက်ရှိနေပါတယ်။ သောက်သုံးရေကန်ဆိုတာ ကန်တော်ကြီးတို့ အင်းလျားတို့လို အပန်း ဖြေနေရာမဟုတ်တဲ့အတွက် ရေအရည်အသွေးမြင့်မားဖို့အစဉ်တစိုက် စောင့်ကြည့်စစ်ဆေးရမှာ ဖြစ်ပါတယ်။ လူနေအိမ်ခြေနဲ့ ဝေးလေးကောင်းလေဖြစ်ရမယ့်အစား ဒီလိုနီးကပ်နေတဲ့အတွက်ကြောင့်မို့လို့ ဘန်ဘွေးကုန်း ရေလှောင်တမံရဲ့ ရေဝေရေလဲဧရိယာတွေမှာ ရေပြင်နဲ့နီးကပ်စွာ တည်ရှိနေတဲ့အတွက်ကြောင်မို့လို့ ပြည်သူများ သန့်ရှင်းစင်ကြယ်စေရေးနဲ့ ကျန်းမာရေးကိုအလေးထားပြီး ရေရဲ့အရည်အသွေးတွေ မြင့်မားလာအောင် အတွက် ကို ဆင်ကန်နဲ့ ဘန်ဘွေးကုန်းရေလှောင်တမံနှစ်ခုလုံးအတွက် သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူဆောင် ရွက် ပေးနိုင်ဖို့ အစီအစဉ်ရှိ/မရှိကို ပြည်သူများကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့မေးမြန်းမှုအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားရာတွင် ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်း မြို့နေလူထု၏ သောက်သုံးရေ အတွက် အဓိကရေပေးဝေလျက်ရှိသော ဘန့်ဘွေးကုန်းရေလှောင်တမံနှင့် ရေဝေရေလဲကြိုးဝိုင်းဧရိယာ ၅၅၅ ဧက ရှိပါကြောင်း၊ ရေလှောင်တမံ၏ ကြိုးဝိုင်းရေဝပ်ဧရိယာနှင့် ဆက်စပ်လျက် ပေ ၅၀ အတွင်း လူနေအိမ် အဆောက်အအုံ ၁၀ လုံးတည်ရှိနေပြီး ၄င်းတို့အနက် ၈ လုံးသည် ရေလှောင်တမံနှင့်ရေဝေရေလဲကြိုးဝိုင်းဧရိ ယာဖွဲ့စည်းစဉ်ကတည်းကပင် သိမ်းဆည်းရာတွင် ပါဝင်မှုမရှိသည့် ကွင်းအမှတ် ၆၂၁ ခရုချောင်းအနောက်ကွင်း ဦးပိုင်အမှတ် ၁၅၅ အတွင်းမှ ၄င်းတို့ပိုင် ဥယျာဉ်ခြံမြေများအတွင်း ဆောက်လုပ်နေထိုင်ကြခြင်းဖြစ်ကြောင်း၊ အခြားအိမ်နှစ်လုံးမှာ သစ်တောကြိုးဝိုင်းဧရိယာအတွင်း ကျရောက်နေသောကြောင့် သစ်တောဦးစီးဌာနမှ သစ် တောဥပဒေနှင့်အညီ ဖယ်ရှားရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သောက်သုံးရေသန့်ရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်မှုကင်းဝေးစေရန် ရေဝေရေလဲဧရိယာနှင့် ထိစပ်နေသည့် အခြားနေအိမ် ၈ လုံးအား ရေလှောင်တမံနှင့် နီးစပ်သဖြင့် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးစသည့် အချက်များအပေါ် အခြေခံပြီးဆောင်ရွက် သွားရန် စီစဉ်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း