ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ် မြို့ချောင်းကျေးရွာအနီး အောင်လောင်ငှက်များနှင့် ကျောက်ဆောင်ကျောက်ဖျာများရှိရာသို့ လူများစုဝေးရောက်ရှိခြင်းအပေါ် သက်ဆိုင်ရာမှ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ခရီးသွားလာစုဝေးခြင်း ယာယီရပ်ဆိုင်း

ကျောက်တံခါး၊ ၁၅ ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စု ပဲခူးရိုးမဖြတ်ကျော်လမ်း ဖြစ်သည့် မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်ကားလမ်း မြို့ချောင်းနှင့် တစ်မိုင်ခန့်အကွာ ကားလမ်းဘေးရှိ ညောင်ပင်ကြီးဆီသို့ ယခုရက်ပိုင်းအတွင်း အုပ်စုလိုက်ရောက်ရှိလာကြသော အောင်လောင်ငှက် အကောင်ရေ (၄၀)ခန့် ရောက်ရှိနေကြသည်။

အဆိုပါငှက်များမှာ ရှားပါးငှက်မျိုးစိတ်များ ဖြစ်သဖြင့် အဆိုပါနေရာသို့ အနယ်နယ်အရပ်ရပ်မှ နေ့စဉ် လူအများလာရောက် ကြည့်ရှုလေ့လာလျက်ရှိကြသဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာလအတွင်း ကျောက်တံခါးမြို့နယ် မြို့ချောင်းဒေသ သစ်တောကြိုးဝိုင်းအတွင်းရှိ စိမ့်စမ်းရေတံခွန်၊ ကျောက်ဆောင်ကျောက်ဖျာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ ခရီးသွားလာခြင်းမပြုကြရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ကြေညာထားသည်။

ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအနီး ပဲခူးရိုးမတောင်ခြေတွင် စိမ့်စမ်းရေတံခွန်နှင့် ကျောက်ဆောင် ကျောက်ဖျာများ မြို့ချောင်းမြောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် နေရာသို့ လူအများရောက်ရှိ စုဝေးအပန်းဖြေခြင်းနှင့် မြို့ချောင်းနှင့် တစ်မိုင်ခန့်သာဝေးသော အောင်လောင်ငှက်များ တည်ရှိရာသို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ရပ်ဝေးရပ်နီးမှ လာရောက်ကြသော ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်/တုံ့ပြန်ရေးကော်မတီမှ ပြန်လည်စေလွှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)