ကျောက်တင်ကား အရှိန်လွန်ဘရိတ်ပေါက်၍ နေအိမ်သို့ဝင်တိုက်

မူဆယ် ၆ မေ

ရှမ်းပြည်နယ် (မြောက်မိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် မူဆယ်မောင်းတံအထွက် အထက်တုန်ခန်ကျေးရွာအနီးတွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်တင်ကားတစ်စီး အရှိန်လွန် ဘရိတ်ပေါက်၍ နေအိမ်တစ်လုံးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အထက်တုန်ခန်ကျေးရွာနေထိုင်သူ အိမ်ပိုင်ရှင် ဦးရဲလင်းစိုး+ဒေါ်အေးထွေး နေအိမ် အုတ်ကာ သွပ်မိုး ထရံကာမှာ ကျိုးကြေပျက်စီးခဲ့ပြီး ကျောက်တင်ကား၏ ယာဉ်ခေါင်းပိုင်းနှင့် ဘော်ဒီပိုင်း ပျက်စီးခဲ့ကြောင်း၊ နေအိမ်အတွင်းရှိ ဦးစိုင်းဆမ် (၅၀)နှစ်နှင့် (၉)နှစ်အရွယ်ရှိ မစုမြတ်လင်းတို့မှာ ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်းတို့ အသီးသီးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ မူဆယ်ယာဉ်ထိန်းအဖွဲ့ဝင်များ၊ ၁၀၅ မိုင် ပါရမီလူမူကူညီရေး အသင်းသားများ၊ နယ်မြေခံရဲကင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ ရောက်ရှိကူညီပေးခဲ့ကြပြီး ယာဉ်တိုက်မှုဖြစ်စဉ်အား ဆက်လက်စစ်ဆေးများပြုလုပ်ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇင် (မူဆယ်)