ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာန က ဒေသခံပြည်သူများထံသို့ မျိုးစေ့များ အခမဲ့ဖြန့်ဝေ

ကျောက်တလုံးကြီး ၆ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ အကြပ်အတည်းကာလနှင့် အကြပ်အတည်းလွန်ကာလများတွင် ဟင်းသီးဟင်းရွက်များ အလွယ်တကူ ဆွတ်ခူးစားသောက်နိုင်ရေးအတွက် Home Gardening ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မေလ ၆ ရက် နံနက် ၁၀ နာရီက တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းစိုက်ခင်းများ ဆောင်ရွက်နိုင်ရန်အတွက် မျိုးစေထုပ်များပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ကျောက်တလုံးကြီးမြို့၊ ထီလုံရပ်ကွက်ရှိ ဆင်ရုပ်အနီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမောင်မောင်မြင့်နှင့် ဝန်ထမ်းများတို့က နှာခေါင်းစည်း(Mask)များ နှင့် မျိုးစေ့ထုပ်များ၊ လက်ကမ်းစာစောင်များတို့ကို အခမဲ့ ဖြန့်ဝေပေးပြီး၊ မြို့ပေါ် ၆ ရပ်ကွက်ရှိ ဒေသခံပြည်သူများအား တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် အိမ်တိုင်ရာရောက် မျိုးစေ့ထုပ်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းစိုက်ခင်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျောက်တလုံကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်မြင့်က “စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် Home Gardening ဆောင်ရွက်နေမှုကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိပြီး၊ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ လူစုလူဝေးရှောင်ကြဉ်နိုင်ရန်အတွက် ကျွန်တော်တို့ရုံးမှာ ပျိုးထားတဲ့ ဟင်းသီးပင်းရွက် ပျိုးပင်များ၊ စုဆောင်းထားတဲ့ မျိုးစေ့၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ အိမ်ထောင်စုများထံသို့ ဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ခရမ်း၊ ချဉ်ပေါင်၊ မုန်ညင်း၊ ကန်စွန်း၊ ငရုတ်ပွ၊ ကြက်ဟင်းခါး၊ ဆလပ်၊ ပဲတောင့်ရှည်တို့အပြင် အခြားသောရက်တိုသီးနှံမျိုးစေ့များကိုလည်း အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း” သိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)

 

mdn