ကော့ကရိတ်မြို့၏ အပန်းဖြေနေရာဖြစ်လာသည့် တောနော် သဘာဝရေတံခွန်

ကော့ကရိတ် ၅ ဧပြီ

 

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ဘက်ခြမ်းရှိ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဘေးတွင် တည်ရှိသော တောနော်သဘာဝ ရေတံခွန်သည် ဧပြီလ ၁ရက်နေ့တွင်စတင်ဖွင့်လှစ်ပေးခဲ့ပြီး ယခု အခါ ကော့ကရိတ်မြို့ရှိပြည်သူများသာမက မြဝတီမြို့ရှိ ပြည်သူများလည်း လာရောက်အပန်းဖြေလျက် ရှိသည်။

 

 

တောနော်သဘာဝရေတံခွန်သည် ကော့ကရိတ်မြို့၏ ပထမဆုံးဖွင့်လှစ်သော သဘာဝရေတံခွန်ဖြစ်ပြီး သွားလာရ လွယ်ကူ စေရန် ကျောက်တောင်များ ဖြိုချခြင်း၊ လမ်းများပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အာရှလမ်းမှ ကားဖြင့် ၅မိနစ်ခန့် မောင်းသွားရုံဖြင့် ရောက်ရှိနိုင်ပါသည်။ 

 

 

အဆိုပါရေတံခွန်သည် ဒေါနတောင်တန်းကြီးပေါ်တွင် စီးဆင်းလာသည့် ရေတံခွန်ကြီးဖြစ်ကာ ခရီးသွားပြည်သူများ၊ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေနိုင်စေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

ကော့ကရိတ်မြို့အနေဖြင့် အပန်းဖြေနေရာများစွာရှိသော်လည်း လူသိများသောနေရာများမှာ ကော့ကရိတ်မြို့တောင်ဘက်ရှိ တရိတခေါင်းသဘာဝငါးကန်၊ ကော့ကရိတ်မြို့နယ် ငါးတိုင်ကျေးရွာရှိ သဘာဝရေပူစမ်း၊ ယခုလက်ရှိနာမည်ကြီးနေပြီး ပြင်ဦးလွင်ဟုတင်စားခေါ်ဝေါ်သည့် ပန်းများဖြင့် စိုက်ပျိုးထားသော လသာအင်းနှင့် ယခုအသစ်ဖွင့်လှစ်လိုက်သော တောနော်သဘာဝရေတံခွန်တို့ဖြစ်သည်။

 

 

စိုးထက်အောင်(ကော့ကရိတ်)