ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ ပိတ်သိမ်း

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည့် အစိုးရက်စက်မှုလက်မှုသိပ္ပံကျောင်းရှိ ကုသရေးစင်တာနှင့် အရန်အဖြစ် ပြင်ဆင်ထားရှိခဲ့သည့် စံပြရပ်ကွက် မူလတန်းလွန်ကျောင်း ကုသရေးစင်တာများအား မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်မှစတင်၍  ပိတ်သိမ်းခဲ့ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒ သူရိယ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ် ()ပါး ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် GTI ကျောင်းအုပ်ဆရာမကြီးတို့က အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။  ယင်းနောက် မြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒ သူရိယထံမှ ()ပါးသီလ ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာကြား၍ သံဃာတော်အရှင်းသူမြတ်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားများနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု များပြားခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် မြို့နယ် ပြည်သူ့ဆေးရုံ ()ထပ်ဆောင် ကုသရေးစင်တာနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ WORKSHOP အဆောက်အဦတို့တွင် ကုသရေးစင်တာများ ဖွင့်လှစ်ထားရှိကာ၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)ရှိ WORKSHOP အဆောက်အဦကို ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်ဟူ၍ ()ဆောင်ခွဲဖွင့်၍ စတင်ဖွင့်လှစ်ခဲ့ပြီး လူနာဝင်ဆံ့အင်အား အနေဖြင့် အမျိုးသား (၇၅)ဦး အမျိုးသမီး (၁၆၃)ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကုသရေးစင်တာတွင် စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ ၂၇ ရက် ပိတ်သိမ်းချိန်အထိ အမျိုးသား (၂၀၆)ဦးနှင့် အမျိုးသမီး (၁၅၅)ဦးတို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ကြကြောင်း သိရပြီး ၎င်းတို့အနက်မှ အမျိုးသား()ဦးမှာ ကုသရေးစင်တာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ စင်တာပိတ်သိမ်းချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ပရိတ်တရားတော်များနာကြား၍ အမျှအတမ်း ပေးဝေခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး စံပြရပ်ကွက်ရှိ အရန်ကုသရေးစင်တာအဖြစ် ဆောင်ရွက်ထားရှိသည့် မူလတန်းလွန်ကျောင်း ကုသရေးစင်တာကိုပါ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)