ကျောက်ပန်းတောင်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Cash For Work စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ညောင်ဦး ၁၃ ဩဂုတ်

 
     
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးအတွက် ကျေးရွာနေပြည်သူများ၏ လုပ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းလုပ်ငန်းများအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဩဂုတ် ၁၂ ရက်က ညောင်ဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် Cash For Work စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ စီဖြင့် ကျောက်ပန်း‌တောင်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် သောက်သုံးရေ ဖူလုံစေရေးအတွက် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ စီမံကိန်းပါ စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

 

‌Cash For Work စီမံကိန်းလုပ်ငန်းကို ကျောက်ပန်းတောင်းမြို့နယ်၌  ကျေးရွာပေါင်း ၁၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှု ၅၇ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။   


                                          
လှိုင်ဝင်းလေး