ကျောက်ပန်းတောင်းမြို့ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ပုဂံမြို့ ဆင်များရှင်ဘုရားတွင် ဆီမီး ၁၀ဝ၀ လှူဒါန်းပူဇော်

ညောင်ဦး  အောက်တိုဘာ  ၁၃

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ ဆင်များရှင်ဘုရားကြီးနှင့် ဆင်များရှင် ဘုရားဝင်းအတွင်း ဆီမီး ၁၀ဝ၀ လှူဒါန်းပူဇော်ခြင်းကို ယမန်နေ့ ည ၆ နာရီခွဲတွင် ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

 

ဆီမီး ၁၀ဝ၀ ကပ်လှူပူဇော်ခြင်းကို ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ပြုလုပ်ခြင်းဖြင့် ပြည်ပနိုင်ငံသား တွေရော၊ ပြည်တွင်းခရီးသွားတွေပါ မြန်မာ့ရိုးရာ ဆီမီးပူဇော်ပုံများကို လက်တွေ့ပြသပေးရာ ရောက်သလို ယနေ့ခေတ် လူငယ်လူရွယ်များ ယခုကဲ့သို့ ဆီမီးပူဇော်ခြင်းကို အတုယူစေရန် ခရီးသွားများပြားစွာ လာရောက်သည့် ပုဂံ-ညောင်ဦး ဒေသကို ရွေးချယ်ပူဇော်ခြင်းဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့ စာပေချစ်မြတ်နိုးသူများအဖွဲ့ အတွင်းရေးမှူး ဒေါ်ဝင်းလဲ့ရည်က ရှင်းပြသည်။

 

ကျွန်မတို့ ဆီမီးပူဇော်ဖို့ကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ကို မြန်မာ့ရိုးရာ ဆီမီးပူဇော်ခွင့် ခွင့်ပြုချက်ရယူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က သတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ ဆီမီး ၁၀ဝ၀ အား ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဆင်များရှင် ဘုရားဝင်းအတွင်း ရင်ပြင်တော်ပေါ်မှာ ကပ်လှူပူဇော်ကြောင်း၊ မီးဘေးအန္တရာယ်နှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှု မရှိစေရန် ရင်ပြင်ပေါ်မှာသာ ထွန်းညှိပူဇော်ကြောင်း၊ ဆီမီးပူဇော်ပွဲပြီးချိန် ပတ်ဝန်းကျင် သန့်ရှင်းရေး များကိုလည်း ပြုလုပ်ခဲ့ကြောင်း ၎င်းမှ ရှင်းပြကာ အကျိုးသက်ရောက်မှုအနေဖြင့် ပြည်ပနိုင်ငံသားများနှင့် ပြည်တွင်းဘုရားဖူးများ စိတ်ဝင်တစား ပါဝင်ပူဇော်ကြကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း