ညောင်ဦး၊ ၅  ဖေဖော်ဝါရီ 

 

ကိုဗစ်-၁၉ ရောဂါကြောင့် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ချိန် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း ဝဲ/ယာရှိ ရိုးရာထန်းတဲများ ဘုရားဖူး လေ့လာရေး ရီးသွားများ ဝင်ရောက်လာချိန် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း ပိုင်ထန်းတဲပိုင်ရှင် ဦးမောင်စန်းက ပြောပြသည်။

 

ကျောက်ပန်းတောင်း - ညောင်ဦး ကားလမ်းမကြီး ဘေးဝဲ/ယာ ညောင်ဦးဘက်ခြမ်းတွင် ရိုးရာထန်းတက် လုပ်ငန်းဖြင့် ထန်းထွက်ပစ္စည်းများ ရောင်းချလုပ်ကိုင်လာခဲ့ရာ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယပတ်မှစတင်ကာ ရိုးရာထန်းတဲ ဆိုင်များ ပိတ်ထားခဲ့ရပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ချိန် လာရောက်ကြမည့် ခရီးသွားဘုရားဖူးများ ဝင်ရောက် စားသောက်နားနေနိုင်ရန် ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း ပိုင်ထန်းတဲ ပိုင်ရှင် ဦးမောင်စန်းက ရှင်းပြသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့်ပိတ်ထားသည့် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း လမ်းဘေး ဝဲ/ယာရှိ ရိုးရာထန်းတဲများသည် ထန်းပင်မှထွက်ရှိသည့် ပစ္စည်းများ ရောင်းချခြင်းသာမက ထန်းမျှော်စင်၊ ထန်းလင့်စင်များ၊ ထန်းပင်ပေါ်တက်သည့် ကြောင်လိမ်လှေကားများဖြင့် ဘုရားဖူးများ အညာဒေသ၏ အငွေ့အသက်များကိုပြသသည့် လုပ်ဆောင်ချက်များအား လေ့လာနိုင်ရန် ပြင်ဆင်ထားရှိထားကြောင်း သိရသည်။ ထန်းပင်မှ ထွက်ရှိပြီး ရက်လုပ် ထားသည့် ထန်းရွက်အရုပ်များ၊ ထန်းလျှော်ဖြင့် ရက်ထားသည့် ထန်းခေါက်ဖာ၊ ထန်းလက်ဖြင့် လုပ်ထားသည့် ထန်းလက်စားပွဲ၊ ထန်းကုလားထိုင်၊ ထန်းဖြာ၊ ထန်းသီးသောက်ရေခွက်၊ ထန်းဇစ်(စစ်)ကြောဖြင့် မီးမွှေးပုံ၊ ထန်းဇစ်(စစ်)ကြောဖြင့် ထန်းရည်အမှိုက်စစ်ပုံနှင့် ထန်းလျက် ဖြင့် တောအရက်ချက်ပုံ၊ တောအရက် ဦးရည်ယူကာ တောရှောက်မြစ်၊ သက်ရင်းကြီး၊ သက်ရင်းလေး၊ တောင်နံကြီးဆေးမြစ်များဖြင့် တိုင်းရင်းဆေးစိမ်ပုံများ လက်တွေ့လေ့လာ နိုင်ကြောင်းလည်း ပြသထားသည်။

 

ထန်းလျက်ချက်လုပ်ရာတွင်လည်း ထန်းလျက်ရိုးရိုး၊ မြေပဲထန်းလျက်၊ နှမ်းထန်းလျက်၊ ဆီးထန်းလျက်၊ ဂျင်းထန်းလျက်များ ချက်လုပ်ရောင်းချကြောင်း၊ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ လာရောက်သည့် ဘုရားဖူးရီးသွားများအား ရိုးရာဓလေ့ဖြင့် ဆီကြိတ်ကြ သည့် နွားဖြင့်ဆီဆုံ လှည့်လည်ကြိတ်ပုံ၊ ပုဂံဒေသဆောင်းရာသီ Balloon စီးသည့် ပုံများကို လည်း ဓာတ်ပုံရိုက်နိုင်အောင် တည်ဆောက်ထားကြောင်း၊ ထန်းလှီးအိမ်၊ ရိုးရာနွားလှည်း၊ ထန်းလင့်စင်၊ ထန်းမျှော်စင်၊ ကြောင်လိမ်လှေကားတို့ဖြင့် ဓာတ်ပုံရိုက်နိုင်ခြင်း၊ ဗီဒီရိုရိုက် နိုင်အောင် စီစဉ်ထားရှိကြောင်းသိရကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ပြန်လည်ဖွင့်လှစ်ချိန် ဘုရားဖူးရီးသွားများ စိတ်အေးချမ်းသာစွာ အပန်ဖြေနားနေနိုင်ရန် ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်စီစဉ် ဆောင်ရွက် ထားရှိကြောင်း ထန်းတဲပိုင်ရှင်များထံမှ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)