ကျောက်ဖြူကြီးကျေးရွာ၌ တောင်သူများအား သဘာဝမြေဩဇာနှင့် နှစ်ရှည်ပျိုးပင်ထောက်ပံ့

နမ့်ဆန်   ၂၄  ဇူလိုင်

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီးကျေးရွာ၌ မြို့နယ် စိုက်ပျိုးရေးဦးဌာနမှ ဘက်စုံစံပြကျေးရွာ တောင်သူများအား သဘာဝမြေဩဇာနှင့် နှစ်ရှည်ပျိုးပင် ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်က လက်ဖက်တောင်သူများ အပိုဝင်ငွေရရှိစေမည့် ကြားညှပ်သီးနှံ ထောပတ်ပင်များကို  စိုက်ပျိုးနိုင်အောင် ဒေသဦးစီး အဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုနှစ်တွင် နမ့်ဆန်မြို့အတွင်းရှိ လက်ဖက်တောင်သူများအား ထောပတ်ပင်ပေါင်း (၃၅၈၀၀)ပင်အထိ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ နောက်နှစ်တွင်လည်း ထပ်မံထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ကျောက်ဖြူကြီးကျေးရွာတွင် ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသောင်းနိုင်က ကျောက်ဖြူကြီးကျေးရွာအား ဘက်စုံစံပြကျေးရွာအဖြစ် ရွေးချယ်၍ တောင်သူများ၏ ပင်မအဓိက လက်ဖက်ထုတ်ကုန်ကို အထွက်တိုးအောင် ဦးစားပေးဆောင်ရွက်ပေးမည့်အပြင် Home Graden စိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်ပြီး လက်ဆတ်သောသီးနှံများ စားသုံးနိုင်အောင်၊ ပိုလျှံသည့် အသီးအနှံများကို ရောင်းချပြီး အပိုဝင်ငွေရရှိအောင် စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များကို ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားတွင် သဘာဝကြက်ချေးမြေဩဇာ (၂၅)ထုပ်နှင့် ထောပတ်ပျိုးပင် (၃၀၀)ပင်ကို ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးမိုင်းသိန်းဇော်နှင့် တာဝန်ရှိသူတို့က  တောင်သူများအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

 

အောင်မိုး(နမ့်ဆန် ပြန် ဆက်)