ကျောက်မဲမြို့နယ်၌ လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကျောက်မဲ၊ ၁၈  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ တော့ဆန်(ရွာမ)ကျေးရွာတွင် ဇန်နဝါရီ ၆ ရက်က တိုင်းရင်းသားလက်နက်ကိုင် RCSS နှင့် TNLA တို့ နှစ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ လက်နက်ကြီးထိမှန်ခဲ့မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အလုံး ၆၀ နှင့် ၎င်းတို့၏ မိသားစုဝင် ၂၉၇ ဦးတို့အတွက် ထောက်ပံ့ပေးသည့်ပစ္စည်းများနှင့် ငွေများကို ဇန်နဝါရီ ၁၇ ရက်တွင်  တော့ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တော့ဆန် (ရွာမ) ကျေးရွာ၌ လက်နက်ကြီးထိမှန်မှုကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအိမ် အလုံး ၆၀ အတွက် ကယ်ဆယ်ရေးပစ္စည်း ၂၁ မျိုးပါ ပုံး ငါးပုံးနှင့်  လူဦးရေ ၂၉၇ ဦးအတွက် ၇ ရက်စာ ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ ၆,၃၄၃,၇၀ဝ ကျပ်ကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းထွဋ်၏ ပြောပြချက်အရ သိရသည်။

 

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်လက်ကိုင် RCSS နှင့် TNLA တို့အကြား မကြာခဏ ထိတွေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်တွင် ဒေသခံပြည်သူ ၁၇၁၆ ဦးက တိုက်ပွဲရှောင်စခန်း ရှစ်နေရာ၌ တိမ်းရှောင်ခိုလှုံ နေလျက်ရှိကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)