ကျောက်ကြီးမြို့နယ်၌ ဝါးခမောက်များ ရောင်းအားကောင်းနေ

ကျောက်ကြီး၊ ဧပြီ ၁၉

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ အိမ်တွင်းလက်မှုလုပ်ငန်းဖြစ်သော ဝါးခမောက်များ ရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိသဖြင့် ဝါးခမောက်ပြုလုပ်ရာ၌ အဓိက အသုံးပြုရသော ကုန်ကြမ်းပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်လင်းရာသီဖြစ်၍ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ရှင်သီဝလိခြေတော်ရာ ဘုရားဖူးလာ ခရီးသွားများ လာရောက်လည်ပတ်ကြပြီး အလှဆောင်း ဝါးခမောက်များ ဝယ်ယူကြခြင်း၊ အနီးပတ်ဝန်းကျင် မြို့နယ်များသို့ တင်ပို့ရောင်းချခြင်း၊ ဒေသအတွင်း ဝယ်လိုအားကောင်းခြင်းများကြောင့် ဝါးခမောက်ချုပ်လုပ်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိသည်။

 

အဆိုပါ ဝါးခမောက်ချုပ် လုပ်သားတစ်ဦးလျှင် တစ်ရက်ပုံမှန်ဝင်ငွေ ငွေကျပ် ၆ဝဝဝ ခန့်ရရှိပြီး ယခုကဲ့သို့ အလှဆောင်း ဝါးခမောက်များ ရောင်းအားကောင်းသော ကာလများတွင် ၎င်းတို့၏ မိသားစုများ စားဝတ်နေရေး အဆင်ပြေမှုရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)