ကျောက်ကြီးမြို့ ရေတံခွန်များတွင် စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ပြီ

ကျောက်ကြီး ၂၈  မတ် 

 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်အတွင်းရှိ ရေတံခွန်များတွင် ပြည်တွင်း ခရီးသွားများ နေ့စဉ်အများအပြား လာရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

 

 

ကျောက်ကြီးမြို့နယ်တွင် စပ်လှဲ ရေတံခွန်၊ သောသောမူ၊ သောသောခွား စသည့် ရေတံခွန်များရှိပြီး ယခင်က နယ်မြေလုံခြုံမှု နည်းပါးခဲ့ခြင်းကြောင့် ရေတံခွန်များ ဖွင့်လှစ်မှု နည်းပါးခဲ့သော်လည်း လက်ရှိတွင် နယ်မြေလုံခြုံမှု အပြည့်အဝပေး နိုင်ပြီဖြစ်၍ ခရီးသွားပြည်သူများ ရေတံခွန်သို့ လာရောက်လေ့လာ အပန်းဖြေရာတွင် စိတ်အေး ချမ်းသာစွာ အပန်းဖြေနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါရေတံခွန်များသို့ သွားရောက်လည်ပတ်မည်ဆိုပါက ရန်ကုန်မြို့မှ ၁၄၅ မိုင်ခန့် ဝေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းသွားမည် ဆိုပါက ၉၉ မိုင် လေးဖာလုံခန့် သွားလျှင် ရောက်ရှိမည်ဖြစ်သည်။

 

 

“စပ်လှဲရေတံခွန်က ကျောက်ကြီးနဲ့ သုံးမိုင်အကွာမှာရှိတယ်၊ သောသောမူနဲ့ သောသောခွားကတော့ ကျောက်ကြီးကနေ တော်တော်သွားရတယ်၊ အနည်းဆုံး ၁၀ မိုင်လောက်တော့ ဝေးမယ်၊ အဲဒါက ရွှေကျင်နဲ့ ကျောက်ကြီး ကြားမှာရှိတာပါ၊ အဲဒီကို သွားရတာ နည်းနည်းခက်တယ်။

 

 

ဒါပေမယ့် အခုတော့ လမ်းဖောက်လိုက်ပါပြီ၊ အဲဒါလည်း အခုဖွင့်တော့ ဖွင့်နေပါပြီ၊ အရင်တုန်းက သွားလို့မရပေမယ့် အခုတော့ ကားနဲ့ သွားလို့ ရနေပါပြီ၊ သောသောခွားက ဖွင့်တာနှစ်လလောက်ပဲ ရှိသေးတယ်၊ အရင်တုန်း က ဖွင့်လိုက်၊ ပိတ်လိုက်ပဲ၊ အခုတော့ အမြဲတမ်းဖွင့် ထားပါတယ်”ဟု ဒေသခံကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးစောကီဒိုး က ပြောသည်။

 

 

အဆိုပါ ရေတံခွန်များသို့ နေ့စဉ် ခရီးသွားပြည်သူ လာရောက်လည်ပတ်မှု တစ်ရာ ဝန်းကျင်ခန့် လာရောက်ကြပြီး အစိုးရရုံးပိတ်ရက်များနှင့် အခါကြီး ရက်ကြီးများတွင် ခရီးသွား သုံးရာနှင့်အထက် လာရောက် လည်ပတ်ကြောင်း သိရသည်။

 

 

ကျောက်ကြီးမြို့နယ်သည် ထန်းတပင်၊ သံတောင်ကြီး၊ ရွှေကျင်၊ ကျောက်တံခါးမြို့ နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရေတံခွန်များသို့ သွားရောက် လည်ပတ်ရင်း သဘာဝတောင်တော အလှအပများကို ကြည့်ရှု ခံစားနိုင်သည့်အပြင် တန်ခိုးကြီး ဘုရားများကိုလည်း ဖူးမြော် ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

ရန်အောင်ထွန်း(ပိန်းဇလုပ်)