ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကျောက်ဆည်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မုန်တိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလမ်းအား ကျေးရွာလမ်းကော်မတီများဖွဲ့စည်း၍ လမ်းအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိ ဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ကျပ် (၉၈)သိန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းတန်းဖိုးငွေကျပ် (၈၇၄၅၀၀၀)၊ စုစုပေါင်း (၁၈၅၄၅၀၀၀)ကျပ် အကုန်အကျခံ၍ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်း ဆောင်ရွက်လျက်ရှိရာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၊ မုန်တိုင်ကျေးရွာတွင် အိမ်ခြေအိမ်ထောင်စု (၃၆၀)စု၊ လူဦးရေ (၁၅၆၉)ဦး နေထိုင်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကြောင့် ယခင်က မိုးရာသီတွင် ကျေးရွာတွင်းလမ်းများ သွားလာရမှုအခက်အခဲ မရှိတော့ဘဲ ရာသီမရွေး သွားလာနိုင်ခြင်းကြောင့် ပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း ရပ်မိရပ်ဖ ဦးခိုင်စိုးလင်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)