ကျောက်ဆည်၊ မိတ္ထီလာ၊ ပြင်ဦးလွင် ခရိုင်ချင်းဆက်လမ်းနှင့် ကျောက်ဆည်မြို့ ဆက်သွယ်ထားသည့် လမ်းအား အဆင့်မြှင့်တင်ပြီးဖြစ်သဖြင့် လမ်းအသုံးပြုသူများ များစွာအဆင်ပြေလျက်ရှိ

ကျောက်ဆည် ၂၇ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်၊ မိတ္ထီလာ၊ ပြင်ဦးလွင် ခရိုင်ချင်းဆက်လမ်းနှင့် ကျောက်ဆည်မြို့ ဆက်သွယ်ထားသည့်လမ်းအား ဂျင်းထပ်ပိုးလွှာခင်းပြီးဖြစ်သဖြင့် အဆိုပါလမ်း အသုံးပြုနေသည့် ကျေးလက်နေ ပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါလမ်း ဂျင်းထပ်ပိုးလွှာခင်းရာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၀ ဒသမ ၇၉)ဖြင့် အကျယ်(၁၈)ပေ၊ ထု(၃)လက်မ၊ အရှည်(၃)မိုင်(၃)ဖာလုံကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုငွေ ကျပ်သန်း (၄၂ ဒသမ ၂၃)ဖြင့် အကျယ်(၁၈)ပေ၊ ထု(၄)လက်မ၊ အရှည်(၂)မိုင် (၄)ဖာလုံ၊ စုစုပေါင်းလမ်းအရှည် (၅)မိုင်(၇)ဖာလုံကို လည်းကောင်း မြို့နယ်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းပိုင်းအားလုံး ခင်းပြီးဖြစ်ကြောင်း သိရှိရသည်။

 

ယခုအခါ အဆိုပါလမ်းအသုံးပြုလျက်ရှိသော ထန်းဇင်တော၊ ရွှေလေး၊ အရှေ့ငယ်တိုး၊ ရွှေဒါး၊ သာစည်လေး၊ ရဲဘော်လေး၊ ရဲဘော်ကြီး၊ သပြေဝန်း၊ ကတိုး စသည့်ကျေးရွာ(၉)ရွာမှ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် များစွာအဆင်ပြေလျက်ရှိသောကြောင့် ဒေသနေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)