ကစားသမားများ အတွေ့အကြုံရစေရန် မြန်မာ ယူ-၁၉ နှင့် ယူ-၁၆ အသင်းများ ပြည်တွင်း လိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၂ ဒီဇင်ဘာ

 

နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားအသင်းသည် ရွေးချယ်ထားသော ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် ၂၀၂၀ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများအနက် မြန်မာ ယူ-၁၉ အသင်းက MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ မြန်မာ ယူ-၁၆ အသင်းက MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း MNL CEO ဦးစိုးမိုးကျော်က အတည်ပြုခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းကို ဦးစိုးမြတ်မင်း၊ မြန်မာ ယူ-၁၆ အသင်းကို ဦးမင်းသူတို့က နည်းပြချုပ်အဖြစ် ကိုင်တွယ်နေပြီး ကစားသမားများ၏ အရည်အသွေးပိုင်း ပိုမိုတိုးတက်လာစေရန် ပြည်တွင်းပွဲများ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် MFF Youth အသင်းအမည်ဖြင့် ၂၀၁၈ ရာသီနှင့် ၂၀၁၉ ရာသီတွင် MNL ယူ-၂၁ အမှတ်ပေးြ ပိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာမည့်ရာသီတွင် ပိုမိုအဆင့်မြင့်မားသည့် ပထမတန်းအမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင်မူ ချန်ပီယံဆုရယူနိုင်သည့်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းကို အကယ်ဒမီများမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသော်လည်း ကစားသမားများအနေဖြင့် ပွဲအတွေ့အကြုံပိုရရန် လိုအပ်နေသောကြောင့် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်စေခြင်းဖြစ်သည်။

 

၂၀၂၀ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲကို ဇန်နဝါရီတွင် စတင်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်