KBZ ဘဏ်နှင့် Smile Asia မှ ပူးပေါင်းကျင်းပသည့် အဌမအကြိမ်မြောက် Smile Medical Mission တွင် မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ် ၇၃ ဉီး အခမဲ့ ကုသခွင့်ရရှိ

နေပြည်တော် ၂၀  ဒီဇင်ဘာ

 

ကမ္ဘောဇဘဏ်နှင့် စင်ကာပူအခြေစိုက် ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Asia Alliance တို့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် အဌမအကြိမ်မြောက် Smile Medical Mission ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၉ ရက်ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

558

 

နေပြည်တော် ကုတင် ၁,ဝ၀ဝ ပြည်သူ့ဆေးရုံကြီးတွင် ၅ ရက်တာ အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ်ပေါင်း ၇၃ ဦးကို သစ်လွင်သော အပြုံးပန်းများ ပေးစွမ်းနိုင်ရန် အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပပြုလုပ်ခဲ့ သည့် ခွဲစိတ်ကုသရေးအစီအစဉ် ရှစ်ကြိမ်တွင် မြန်မာနိုင်ငံရှိ မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာရှင် ကလေးငယ်ပေါင်း ၆၇၈ ဦးကို အခမဲ့ခွဲစိတ် ကုသမှုပေးခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့သည်။

 

နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်တွင် ရှမ်း၊ မွန်၊ ရခိုင်၊ ကရင်၊ ကချင်၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ အသက် ၆ လမှ ၂၅ နှစ်အကြား မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ ဝေဒနာ ရှင် ၉၄ ဦးကို အခမဲ့ ခွဲစိတ်ကုသပေး ခဲ့ကြောင်း သိရသည်။

 

အဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေးအစီအစဉ်ကို ကူညီပံ့ပိုးပေးခဲ့သည့် Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့တွင် အမေရိကန်၊ ကနေဒါ၊ ဟောင်ကောင်၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့်စေတနာ့ဝန်ထမ်းများ ပါဝင်ပြီး Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှ မျက်နှာနှင့် မေးရိုးဆရာဝန်ကြီးများ၊ မေ့ဆေးဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကု ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသမှုများကို အတူတကွ လုပ်ဆောင်ခဲ့ကြကြောင်း Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 

MDN

Photo - credit