ကဘူးလ်တက္ကသိုလ် ကျောင်းတံခါးပေါက်ဝတွင် ပေါက်ကွဲမှုဖြစ်ပွား သဖြင့် လေးဦးသေဆုံး ၊ ၁၆ ဦးဒဏ်ရာရ

၁၉ ဇူလိုင်

 

စာမေးပွဲဖြေဆိုရန် ကျောင်းသားများစုရုံးနေချိန် ကဘူးလ်တက္ကသိုလ် တောင်ဘက် ကျောင်းတံခါးပေါက်ဝတွင် ယနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသဖြင့်  လေးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ  ဖာဒတ် ဖာရာမာရဇ် (Ferdaus Faramarz ) က ပြောကြားခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး မိန်းကလေးတစ်ဦး အပါအဝင် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖာဒတ် ဖာရာမာရဇ် (Ferdaus Faramarz ) က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုဗုံးပေါက်ကွဲမှုကြောင့် ကားနှစ်စီး လည်း ပျက်စီးသွားခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ယင်းပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၇ ဦး ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝါဟဒ် မာရာ ( Wahid Mayar) က တွစ်တာပေါ်တွင် ရေးသားထားသည်။

 

ထိုဗုံးပေါက်ကွဲမှုမှာ မည်သူ၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို