ကျားတက်ကျေးရွာတွင် စိုက်ပျိုးရေရရှိရေးအတွက် အနက်ပေ(၈၀ဝ)ရှိ တွင်းနက်ရေတွင်းများတူးဖော်

ယင်းမာပင်  ၂၆  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက်ကျေးရွာတွင် စိုက်ပျိုးရေ ရရှိရေးအတွက် အနက်ပေ(၈၀ဝ)ရှိ တွင်းနက်ရေတွင်းများ တူးဖော်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စိုက်ပျိုးရေးသုံး ရေတွင်းများတူးဖော်နေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းမြင့်နှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အခုဒီရေတွင်းတူးဖော်ခြင်းက ရေတွင်းတူးတာကိုတော့ စက်ကြီးတွေနဲ့ အနက်ပေ(၈၀ဝ)အထိ တူးပေးမှာဖြစ်ပြီး တွင်းတူးခြင်းနှင့် ပိုက်ချခြင်းများကို ရေစုပ်ယူနိုင်သည်အထိ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ရေတွင်းမှရေကို သူ့တို့ကိုယ်ပိုင် ရေစုပ်စက်များဖြင့်  စိုက်ပျိုးရေ အတွက် ထုတ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ် ဟု ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။

 

အဆိုပါ ကျားတက်ကျေးရွာတွင် စိုက်ပျိုးရေးအထောက်အကူပြုရေတွင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အနက်ပေ(၈၀ဝ)ရှိ လေးလက်မ တွင်းနက် (၃)တွင်းအား တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တူးဖော်ပေးမည့် တွင်းနက်(၃)တွင်းမှာ စိုက်ပျိုးရေအမှန်တကယ် အခက်အခဲဖြစ်လျက်ရှိသော နေရာများအတွက် တူးဖော်ပေးခြင်းဖြစ်ပြီး တွင်းတူးလုပ်ငန်းများပြီးစီးပါက လယ်မြေဧက ၃၀ ဒသမ ၂၉ ဧကကို စိုက်ပျိုးရေ အထောက်အကူ ရရှိမည်ဖြစ်ကာ ဆောင်းသီးနှံနှင့် နွေသီးနှံများကိုပါ စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)