ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲထုတ်ပြန်၊ အာဆင်နယ်နှင့် လီဗာပူး၊ ချယ်ဆီးနှင့် စပါးအသင်းတို့ ဆုံတွေ့နေ

၂၃  ဒီဇင်ဘာ

ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီးတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီ ဖြစ်ရာ အာဆင်နယ်နှင့် လီဗာပူး၊ ချယ်ဆီးနှင့် စပါးအသင်းတို့ တွေ့ဆုံနေသည်။ အဆိုပါဖလား၏ လက်ရှိချန်ပီယံမှာ မန်စီးတီး အသင်းဖြစ်ပြီး စပါးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ရှစ်ကြိမ်မြောက်  ဆွတ်ခူးထားသည်။ သို့သော်လည်း မန်စီးတီး အသင်းသည် ယခုနှစ်ရာသီ ကာရာဘောင်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်တွင် ဝက်စ်ဟမ်းအသင်းကို ပယ်နယ်တီအဆုံးအဖြတ် တွင် ငါးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

အာဆင်နယ်အသင်းသည် ကွာတားဖိုင်နယ်တွင် လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းအသင်းကို အင်ခီတီယာ၏ ခြေစွမ်းပြမှု နှင့်အတူ ငါးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် လီဗာပူးအသင်းက အဆိုပါ အဆင့် တွင် ပြိုင်ဘက်လက်စတာအသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် ငါးဂိုး-လေးဂိုးဖြင့် အနိုင် ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ လီဗာပူးအသင်းသည် ကာရာဘောင်ဖလားကို ရှစ်ကြိမ်ဆွတ်ခူး ထားသော်လည်း နောက်ဆုံးဆွတ်ခူးထားသည်မှာ ၂၀၁၁-၂၀၁၂ ခုနှစ်က ဖြစ်သည့်အတွက် ယခုနှစ်ရာသီတွင် အောင်မြင်မှုနှင့် အလှမ်းဝေးနေသည့် ကာရာဘောင်ဖလားကို တစ်ကျော့ပြန် ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

ချယ်ဆီးအသင်းသည် ကွာတားဖိုင်နယ်တွင် ဘရန့်ဖို့ဒ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက် လှမ်းလာနိုင်သလို စပါးအသင်းကလည်း အဆိုပါ အဆင့်တွင် ခြေစွမ်းထက်မြက်နေသည့် ဝက်စ်ဟမ်းအသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ချယ်ဆီးအသင်းသည် ကာရာဘောင်ဖလားကို ၂၀၁၅ ခုနှစ်က နောက် ဆုံးဆွတ်ခူးထားပြီး ထိုစဉ်က စပါးအသင်းကိုပင် ဗိုလ်လုပွဲတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ ဆွတ်ခူးထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ယခုအကြိမ်တွေ့ဆုံမှုတွင် စပါးအသင်းအနေဖြင့် ချယ်ဆီးအသင်းကို အဆိုပါရှုံးကြွေးကိုပြန်ဆပ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားမလား သို့မဟုတ် ရှုံးကြွေးထပ်တင်သွားမလား စောင့်ကြည့်ရမည် ဖြစ်သည်။

ယခုနှစ်ရာသီ ကာရာဘောင်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ပထမအကျော့၊ ဒုတိယအကျော့ နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ ပထမအကျော့ကို ဇန်နဝါရီ ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဇန်နဝါရီ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ကာရာဘောင်ဖလားပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဝင်ဘလေအားကစားကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

အောင်ဇော်