ကာမိုင်းမြို့၌ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကာမိုင်း ၇ မတ်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ဝက်များတွင်ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံမွေး/ကု ဦးဘိုဘိုစိုးက မြို့ပေါ်ရပ်ကွက်၌ ဝက်မွေးမြူရေး လုပ်ကိုင်သူများအား စက်ဝိုင်းပုံရှိ DNA အမျိုးအစားဗိုင်းရပ်စ်ပိုးကြောင့် ရောဂါများ ဖြစ်ပွားလာနိုင်ပါကြောင်း၊ အိမ်မွေးဝက်များနှင့် တောဝက်များတွင် အဖြစ်များ၍ အသက်အရွယ်မရွေး ဖြစ်ပွားလာနိုင်ပါကြောင်း ၎င်းရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေး ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဆိုပါရောဂါ မဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားလာပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူမှ ပြန်လည်ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် မြို့ပေါ်ရပ်ကွက်ရှိ ဝက်များမွေးမြူထားသော နေအိမ်များထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ဝေသည့် အာဖရိကအပြင်းဖျား ဝက်ရောဂါ ကြိုတင်သတိပြုစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)