ကြာမျိုးစုံ ဖူးပွင့်နေသည့် စွန်ရဲအင်းရေပြင်အလှကြောင့် ခရီးစဉ်ဒေသအဖြစ် စည်ကားနေသည့် အင်းကုန်းရွာကလေး

မန္တလေး  ၈   ဧပြီ

 

ကြာမျိုးစုံဖူးပွင့်နေသည့် စွန်ရဲအင်းရေပြင်အလှကို လှေစီးရင်း လာရောက်အပန်းဖြေကြသူများကြောင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အင်းကုန်းကျေးရွာသည် ခရီးစဉ်ဒေသအဖြစ် စည်ကားလျက်ရှိနေကြောင်း သိရသည်။

 

1

 

အဆိုပါရွာကလေးတွင် မူလက မိရိုးဖလာ ငါးဖမ်းသည့်လုပ်ငန်းနှင့် ကြာရိုးမှ ကြာချည်မျှင်ထုတ်လုပ်သည့်လုပ်ငန်းကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်ခဲ့ရာမှ ယခုအခါ ကြာမျိုးစုံဖူးပွင့်နေသည့် စွန်ရဲအင်း၏ အလှကို သိရှိကာ အင်းအတွင်း လှေစီး၍ လာရောက် လေ့လာအပန်းဖြေကြသူများကြောင့် စီးပွားရေး ပိုမိုအဆင်ပြေလာကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ခင်သန်းနုက ပြောသည်။

 

2

 

''ကြာမျိုးစုံဖူးပွင့်ပြီး လှပနေတဲ့ ဒီအင်းကြီးအကြောင်းကို facebook ပေါ်ကနေ သိရှိပြီး လာရောက်လေ့လာတဲ့သူတွေ ရှိလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး လူသိများလာပါတယ်။ ရုံးပိတ်ရက်တွေနဲ့ နေ့ထူးနေ့မြတ်ရက်တွေမှာ လာရောက်သူတွေ ပိုမိုများပြားပြီး အင်းကြီးအတွင်းမှာ လှေစီးရင်းအပန်းဖြေကြသူတွေ၊ ကြာပန်းတွေကိုင်ပြီး အလှဓာတ်ပုံရိုက်သူတွေနဲ့ အပျော်တမ်း လာရောက်ငါးဖမ်းသူတွေနဲ့ စည်ကားနေပါတယ်။ ဒါ့အပြင် ရွာထဲက အိမ်တွေမှာ ကြာချည်မျှင်ထုတ်နေတဲ့ လုပ်ငန်းကိုလည်း ဝင်ရောက်လေ့လာမှု တွေရှိပါတယ်။ ကျွန်မတို့ တစ်ရွာလုံးကတော့ ဒီအင်းကြီးကို အမှီပြုပြီး စီးပွားရေးအဆင်ပြေနေကြပါတယ်'' ဟု ၄င်းက ပြောသည်။

 

အဆိုပါ စွန်ရဲအင်းတည်ရှိရာ အင်းကုန်းရွာတွင် အိမ်ထောင်စု ပေါင်း ၃၀ဝ ကျော်ရှိပြီး မန္တလေး-ကျောက်ဆည် လမ်းဟောင်းမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဘဲလင်းအလှဆင် ကျောက်ပြားစက်ရုံ ဆိုင်းဘုတ်ရှိရာ လမ်းအတိုင်းသွားပါက စွန်ရဲရွာအလွန်တွင် ၄င်းအင်းကုန်းကျေးရွာသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ-  အောင်ဖြိုးကျော်

 

3