ကာကွယ်ခြင်းသည်သာအခရာ ဆေးထိုးနှံကြပါ

 

ပေါက်ပေါက်

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်ရောဂါသည် နှစ်နှစ်ခွဲကျော် ကြာလာခဲ့ချိန်တွင် ဗီဇပြောင်းလဲမှုများစွာ တွေ့နေရသည်။ အဆိုပါ ဇီဗပြောင်းမျိုးကွဲများအနက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည့် အထူးသတိပြုစောင့်ကြည့်ရမည့် မျိုးကွဲများမှာ-

 

ဒယ်လ်တာ - ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ စတင်တွေ့ရှိခဲ့ပြီး  ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုများ သော မျိုးကွဲဖြစ်သည်။

 

အိုမီခရွန် BA.1  - ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တောင်အာဖရိက၌ စတင်တွေ့ရှိခဲ့ပြီး ရောဂါပြန့်ပွားမှု များပြားကာ ပြင်းထန်မှု  အသင့်အတင့်သာရှိသော မျိုးကွဲဖြစ်သည်။

 

အိုမီခရွန် BA.2 - ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် တောင်အာဖရိက၌ စတင်တွေ့ရှိခဲ့ပြီး ရောဂါပြန့်ပွားမှု များပြားကာ ပြင်းထန်မှု  အသင့်အတင့်သာ ရှိသော မျိုးကွဲဖြစ်သည်။

 

အိုမီခရွန်        BA.4 နှင့် BA.5  - ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်အိုမီခရွန်မျိုးကွဲBA.4 နှင့် BA.5 နှစ်ခုကို တောင်အာဖရိက၌  စတင်တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း တစ်ကျော့ပြန် ကိုဗစ်ဖြစ်စေသော မျိုးကွဲများဖြစ်သည်။ အဆိုပါ အိုမီခရွန်မျိုးကွဲတို့သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် တုပ်ကွေး ဖြစ်ပွားခြင်းကဲ့သို့  အခြားသော ဗီဇပြောင်းအိုမီခရွန်မျိုးကွဲများ၏ လက္ခဏာနှင့် ဆင်တူသည်။

 

တစ်ကျော့ပြန် ကိုဗစ်စတုတ္ထလှိုင်းအသစ်

 

မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့လူနာသစ်ဦးရေ ရာခိုင်နှုန်းသည် ဇူလိုင်လပထမပတ်မှစ၍ တစ်နေ့တခြား မြင့်တက်လာခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက် သတင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲ နမူနာများကို ဆေးသုတေသနဦးစီးဌာန (Department of  Medical  Research)  တွင် ၃၀-၆-၂၀၂၂ ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးဗီဇပြောင်း ရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ တစ်ခုတွင်လည်းကောင်း၊ BA.5 ကို ဓာတ်ခွဲနမူနာ  ငါးခုတွင် လည်းကောင်း  တွေ့ရှိရကြောင်း၊ အဆိုပါတွေ့ရှိထားသူ အားလုံးသည် ပြည်ပမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း နှင့် ဇူလိုင်လ ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၅ ဦးတွေ့ရှိထားပြီး ရောဂါပိုးတွေ့ရှိမှုမှာ သုည ဒသမ ၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ထိုအချိန်မှစ၍ ပြည်တွင်းကူးစက်မှု တရိပ်ရိပ်မြင့်တက်လာခဲ့ပါသည်။ တတိယလှိုင်းအပြီး လေးလကျော်ကြာမြင့်သည်အထိ  ကိုဗစ်ကြောင့် အသေအပျောက် လုံးဝမရှိခဲ့ရာမှ  သြဂုတ်လရောက်သည့် အခါ  စတုတ္ထလှိုင်းအသွင်ဖြင့် လေးဦးသေဆုံးခဲ့သည်။ စက်တင်ဘာလတွင်လည်း  အသေအပျောက်ဦးရေ တိုးလျက်ရှိနေပါသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ  ကူးစက်ပျံ့နှံ့မှု အတက်အကျကိုလိုက်၍ လှိုင်းများသတ်မှတ်ထားရာ ပထမလှိုင်း ၂၃-၅-၂၀၂၀ မှ ၁၄-၈-၂၀၂၀ ရက်နေ့ အထိတွင် ပိုးတွေ့သူ ၁၆၀၀ ၌  သေဆုံးသူခြောက်ဦး၊ ဒုတိယလှိုင်း ၁၅-၈-၂၀၂၀ မှ  ၂၄-၅-၂၀၂၁  ရက်နေ့ အထိတွင် ပိုးတွေ့သူ ၁၄၁၇၀၈ ဦး၌  သေဆုံးသူ ၃၂၁၀၊ တတိယလှိုင်း ၂၅-၅-၂၀၂၁ မှ ၂၇-၁-၂၀၂၂ ရက်နေ့အထိတွင် ပိုးတွေ့ သူ ၃၉၁၃၆၃ ဦး၌ သေဆုံး သူ  ၁၆ဝ၉၅ ဦးဖြင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခုစတုတ္ထလှိုင်းသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း မှစတင်ကာ ပိုးတွေ့နှုန်း  ပြန်လည်မြင့်တက်လာ ခြင်းဖြစ်ပြီး ရောဂါကြောင့်  သေဆုံးသူမှာလည်း  စက်တင်ဘာလလယ်အထိ ရက်အနည်းငယ်အတွင်း ၁၀ ဦးထက်မနည်း ရှိလာပါသည်။

 

လက်ရှိ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအခြေအနေသည်  အာဆီယံနိုင်ငံများတွင် အဆင့် ခုနစ်နေရာရှိပြီး ကမ္ဘာ့နိုင်ငံများအလိုက် ဖြစ်ပွားမှုစာရင်းတွင် အဆင့် ၈၄ နေရာတွင်ရှိကြောင်း သိရသည်။

 

ကာကွယ်ခြင်းသည်သာ အခရာ

 

မြန်မာပြည်တစ်ဝန်း  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊  နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ (၁၂) နှစ်အထက်  အခြေခံပညာမူလတန်း၊  အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ်မှတ် ၍ တပ်မတော်ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊  သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်  စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဒုတိယအကြိမ် ထိုးနှံပြီးသူများကိုလည်း ခြောက်လအကြာတွင် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနေပြီး  စတုတ္ထအကြိမ်  အပိုဆောင်း ကာကွယ်ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါမဖြစ်အောင် တစ်ခုတည်းသော  ကြိုတင်ကာကွယ်နည်းဖြစ်ရာ အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့်  မပျက်မကွက် သွားရောက် ထိုးနှံကြရန် လိုအပ်ပါသည်။

 

ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးသက်ရောက်မှု

 

ကျန်းမာရေးဝန်ကြီးဌာန၏  သတင်းထုတ်ပြန်ချက်အရ မြန်မာပြည်တစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း အခြေအနေတို့ကို အောက်ပါအတိုင်း အပိုင်းသုံးပိုင်းခွဲ၍ လေ့လာသိရှိရပါသည်။

 

(က) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ

 

မြန်မာနိုင်ငံတွင်  ၁၃-၉-၂၀၂၂ ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် ထိုးနှံထားသည့် လူဦးရေ စုစုပေါင်းမှာ ၃၀၄၆၁ဝ၆၃ ဦး ဖြစ်ပြီး အသက် (၁၈) နှစ်အောက်  ထိုးနှံထားသည့် လူဦးရေစုစုပေါင်း မှာ ၆၅၁၅၅၂၂ ဦး ဖြစ်ပါသည်။

 

(ခ)       ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေ

 

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်နေ့မှ ၇-၉-၂၀၂၂ ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု  အခြေအနေများကို ဆန်းစစ်ချက်အရ ရောဂါဖြစ်ပွားသူ၏ ၈၀ ရာခိုင်နှုန်း မှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံ ထားပြီး လေးရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ် ပြည့် ထိုးနှံထားရှိ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး  ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

(ဂ)  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများနှင့် ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေ

 

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်နေ့မှ ၇-၉-၂၀၂၂ ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါ ထိုးနှံထားရှိမှုအခြေအနေများကို ဆန်းစစ်ချက်အရ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူ များဖြစ်ပြီး သေဆုံးသူများ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း မှာ ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံထားသူများဖြစ်ကာ သေဆုံးသူများ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး  ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

အရင်းစစ်သော် ကာကွယ်ဆေးမပျက်မကွက် ထိုးနှံခြင်းနှင့်  ထပ်ဆောင်းထိုးနှံခြင်းသည် ကိုဗစ်ကပ်ရောဂါကိုခုခံရာ၌ အသက်အန္တရာယ်  အနည်းဆုံးဖြစ်ကြောင်း ဖော်ပြနေပါသည်။ ထို့ကြောင့် အများပြည်သူများအနေဖြင့် ကာကွယ်ဆေးများ မပျက်မကွက် ထိုးနှံထားသင့်ပါသည်။

 

၂၀၁၉ ခုနှစ်  နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိခဲ့ပြီးအချိန်မှစ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်အထိ ကမ္ဘာတစ်ဝန်း ၌ လူဦးရေစုစုပေါင်း ၆၁၄ သန်းကျော်  ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသူပေါင်းမှာ ခြောက်သန်းခွဲ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း  Worldometer က ထုတ်ပြန်ထားသည်။ သို့သော် ၂၀၂၀ -၂၀၂၁ ခုနှစ် အတွင်းမှာပင်  ကမ္ဘာတစ်ဝန်း၌ ကိုဗစ်ကပ်ရောဂါ ကြောင့် အမှန်တကယ်  သေဆုံးသူပေါင်း ၁၅ သန်း နီးပါးရှိနိုင်ကြောင်း၊ ယခုနှစ်အတွင်းမှာပင် သေဆုံး သူ တစ်သန်းကျော်ရှိခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုသည် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးဖြစ်ကာ ရောဂါကာကွယ်ဆေးများ စတင် ရောင်းချသည့် ပထမနှစ်တွင် ကာကွယ်ဆေးများသည် လူပေါင်း ၁၉ ဒသမ ၈ သန်းကို  ကယ်တင်နိုင်ခဲ့သည်ဟု WHO က ခန့်မှန်းထားသည်။ သို့သော် ကိုဗစ်ကပ်ရောဂါသည် ကူးစက်ပြန့်ပွားမှု ကြာမြင့်နေသည့်တိုင်  ယခုအချိန်အထိ  အရှိန်ရှိနေဆဲဖြစ်ကြောင်း၊ ယင်းရောဂါကြောင့် ယခု ၂၀၂၂ နှစ် နှစ်လယ်ပိုင်းမှာ ကမ္ဘာတစ်ဝန်း သေဆုံးသူ အနည်းငယ်လျော့ကျနေသော်လည်း ဗိုင်းရပ်စ်မျိုးကွဲများက ကမ္ဘာလုံးဆိုင်ရာ  ကူးစက်မှုများကို ဆက်လက်ဖြစ်ပေါ်လျက်ရှိသဖြင့်  ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါသည်။

 

လာမည့်ကာလများအတွင်း ကမ္ဘာပေါ်တွင် အေးမြသည့် ဆောင်းရာသီသို့ ကူးပြောင်းရောက်ရှိ လာတော့မည်ဖြစ်ရာ  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများ များပြားလာမည်ဖြစ်ကြောင်း WHO က ပြောကြားသည်။ ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု ပမာဏကျဆင်းလာခြင်းနှင့် ကမ္ဘာတွင်  ကိုဗစ်ရောဂါဗီဇပြောင်း ဗိုင်းရပ်စ်များ၏ ရောဂါကူးစက်နိုင်မှု အတိုင်းအတာ များပြားလာခြင်းတို့ကို ယခုအချိန်တွင်တွေ့ရှိနေရကြောင်း WHO အကြီးအကဲ ဂါဘရီယီဆက်က ဆိုသည်။  ကမ္ဘာပေါ်ရှိအချို့သော ဝင်ငွေမြင့်မားသည့် နိုင်ငံများတွင်ပင် ကျန်းမာရေးလုပ်သား ၃၀ ရာခိုင်နှုန်းနှင့်  သက်ကြီးရွယ်အို ၂၀ ရာခိုင်နှုန်းတို့မှာ ကာကွယ်ဆေး မထိုးနှံရသေးသည်ကို တွေ့ရှိရသောကြောင့် ကမ္ဘာပေါ်ရှိလူသားများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူကာ  လူအများ အပြားရှိသည့်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း ကဲ့သို့သော ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း  ၎င်းက သတိပေးနှိုးဆော်ထားပါသည်။

 

အချုပ်ဆိုရသော် ကပ်ရောဂါသည်  မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို မခန့်မှန်းနိုင်သေးသဖြင့် ကိုဗစ်နှင့်အတူ ကာလတစ်ခုအထိ ယှဉ်တွဲနေထိုင် သွားရဦးမည်ဖြစ်ကြောင်း  ပညာရှင်များက  ခန့်မှန်းထားသည်။ ထို့ကြောင့် ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပိုမိုထိရောက်သည်ဖြစ်ရာ အများပြည်သူ တို့အနေဖြင့် ကာကွယ်ဆေး အကြိမ်ရေအပြည့် ထိုးနှံခြင်း၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို အတိအကျလိုက်နာ သည့်အနေဖြင့်  ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်း၊  လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေးကြောခြင်း၊ လူစုလူဝေးနှင့် လူထူ ထပ်သောနေရာများသို့ သွားလာခြင်းကို  တတ်နိုင်သမျှရှောင်ကြဉ်ခြင်းဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြစေလိုပါကြောင်း  တိုက်တွန်းရေးသား လိုက်ရပါသည်။ ။