ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ

၁၅  ဒီဇင်ဘာ

 

ကလေးငယ်လေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် မိဘတွေ အရေးတကြီးလုပ်ရမယ့်အထဲမှာ ကာကွယ်ဆေးထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်ဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေထိုးရပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။

 

ကာကွယ်ဆေးထိုးတာကြောင့် ကလေးမှာဘာတွေဖြစ်နိုင်လဲ

 

ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာ ဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေ ရှိနိုင်ပါတယ်။ အသေးစား ထိခိုက်မှုလေးတွေက –

 

ကာကွယ်ဆေးထိုးထားတဲ့ နေရာတဝိုက် နီမြန်းရောင်ရမ်းတာ

 

ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်တာမျိုးပါ။

 

ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့် ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးက မအီမသာခံစားရတာမျိုးတော့ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်း မသိတာမျိုးဖြစ်နိုင်ပါတယ်။

 

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားနာတဲ့အခါ

 

ကလေးငယ်လေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ ဆွေမျိုးတွေမှာ သနားစိတ်နဲ့ စိတ်မချမ်းမသာဖြစ်ရတာပေါ့။

 

ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ

 

ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ်အထက်ဆိုရင် ကလေးက ဖျားနေပြီလို့ ဆိုလို့ရပါတယ်။ အသက်အပိုင်းအခြားအလိုက် ပြောပြရမယ်ဆိုရင်တော့

 

ကလေးက ၃ လအောက်ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်က ၃၈ ဒီဂရီ စင်တီဂရိတ် ( ၁၀၁ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်)၁၀၁ ဒီဂရီ ဖာရင်ဟိုက် အထက်ဖြစ်နေမယ်

 

ကလေးက ၃ လကနေ ၆လ ကြားအရွယ်ဖြစ်ပြီး အပူချိန်က ၃၉ ဒီဂရီ စင်တီဂရိတ် ( ၁၀၂ ဒီဂရီ ဖာရင်ဟိုက်) (သို့မဟုတ်) ၁၀၂ ဒီဂရီ ဖာရင်ဟိုက် နဲ့ အထက်ဖြစ်နေမယ် ဆိုရင်တော့ ကလေးငယ်က ဖျားနေပြီလို့ပြောလို့ရပါတယ်။ ကလေးတွေက ဖျားတဲ့အခါ မအီမသာဖြစ်ပြီး ဂျီကျတာ၊ မှိန်းနေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

 

ကာကွယ်ဆေးထိုးတာကတော့ မဖြစ်မနေလုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့်ဆေးထိုးအပြီး ကလေးငယ် ဖျားတာ၊ ထိုးထားတဲ့နေရာ နီရဲပြီးရောင်နေတာ၊ အီပြီး ငိုနေတာတွေအတွက် သက်သာအောင် ပြုစုပေးလို့ရပါတယ်။

 

ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ–

 

ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ သက်တောင့်သက်သာလေးထားပေးပါ။

 

ကလေးကို ချိုသာတဲ့ အသံလေးနဲ့ချော့မြူပြောဆိုပါ။

 

ကလေးကို လက်ထဲမှာချီပြီးထွေးပိုက်ချော့မြူပေးပါ။

 

ကလေးကို နို့တိုက်တာ၊ နို့ဘူးတိုက်တာမျိုး လုပ်ပေးပါ။

 

ကလေးဆေးထိုးထားတဲ့ နေရာကို ရေခဲကပ်ပေးပါ။

 

ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေးတစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာရှိတဲ့ ကလေးတွေကို တိုက်ကျွေးနိုင်တဲ့ အဖျားပျောက်ဆေး အရည်တွေ အများအပြားရှိပြီး Hello Sayarwon အနေနဲ့တော့ Tylenol (တိုင်လီနော)ဆေးရည်ကို အကြံပြုချင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးဖြစ်တဲ့ နီရဲနာကျင်တာတွေ၊ ကိုယ်လက်နာတာတွေနဲ့ အဖျားတက်တာတွေကို အလျင်အမြန်သက်သာစေနိုင်ပြီး ကလေးတွေအတွက် အဝင်မဆိုးအောင် ထုတ်လုပ်ထားတာဖြစ်တာကြောင့်ပါ။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”