ကာကွယ်ဆေးထိုးပြီးနောက် ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

နယူးဒေလီ ၆ ဒီဇင်ဘာ

 

ပြီးခဲ့သည့်လက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သည့် အိန္ဒိယနိုင်ငံ ဟာရီယားနားပြည်နယ် ကျန်းမာရေးဝန်ကြီး အာနီးလ်ဗစ်ဂျီသည် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အသက် (၆၇) နှစ်အရွယ် ကျန်းမာရေးဝန်ကြီးဗစ်ဂျီသည် Bharat Biotech ဆေးဝါးကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအဆင့်စမ်းသပ်မှု အစိတ်အပိုင်းတစ်ခုအနေဖြင့် ပြီးခဲ့သည့်လက ယင်းကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခံခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဗစ်ဂျီက ဟာရီယားနား ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စမ်းသပ်ထိုးနှံခဲ့သည့် ပထမဦးဆုံး စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာမည်ဟု ကြေညာခဲ့သည်။ လက်ရှိအချိန်အထိ ဟာရီယားနားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၀၈၄၁ ဦးရှိပြီး ယင်းတို့အနက် ၂၅၃၉ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့သည်။

 

ထို့အတူ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၆၀၉၅၇၄ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ပေါင်း ၁၃၉၇၄၅ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဂျေတီ