ကာကွယ်ဆေးနှင့် နယူးနော်မယ်

ဖေဖော်ဝါရီ၊ ၂

 

ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအုပ်စုများကို စတင်ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထုအတွင်း၌လည်း မကြာမီဦးစားပေး အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားတော့မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၌ ဆက်လက်ကူးစက် ပျံ့နှံ့နေဆဲဖြစ်သည့်အပြင် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်း၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်များ၏ ကူးစက်ပျံ့နှံ့မှုက မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများသို့ပင် ကူးစက်ဝင်ရောက်လျက် ရှိခြင်းတို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း မျက်ခြည်မပြတ် အထူးဂရုစိုက်ရမည့် အခြေအနေသို့ ရောက်ရှိလာသည်။

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ တစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ပေးအပ်မှုဖြင့် COVISHIELD အမည်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စောစီးစွာ လက်ခံရရှိခဲ့ပြီး မရှေးမနှောင်းမှာပင် ကာကွယ်ဆေးများကို ထိုးနှံခွင့်ရရှိခြင်းက ကုသိုလ်ထူးတစ်ရပ်ဟုပင် ဆိုရမည်ဖြစ်သည်။ သို့ရာတွင် သမိုင်းတစ်လျှောက်တွင် အလျင်မြန်ဆုံးနှုန်းဖြင့် သုတေသနပြုရှာဖွေ ဖော်စပ်ထုတ်လုပ်ခဲ့ရသည့် ကိုဗစ်ကာကွယ်ဆေးများမှာ နောက်ထပ်အချိန်ယူ ပြုလုပ်ရဦးမည့် စမ်းသပ်မှုများ ကျန်ရှိနေဆဲမှာပင် အရေးပေါ်သုံးစွဲရန် ခွင့်ပြုခဲ့ရခြင်းနှင့်အတူ ယင်းကာကွယ် ဆေးများအပေါ် ရာနှုန်းပြည့် ယုံကြည်စိတ်ချမှုလည်း လျော့နည်း ခဲ့ရသည်။

 

မြန်မာနိုင်ငံတွင် လက်ရှိတရားဝင်ခွင့်ပြုထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ COVISHIELD ဖြစ်ပြီး ရောဂါပိုးကို ကာကွယ်နိုင်သည့် ကိုယ်ခံစွမ်းအားရရှိနိုင်ရန်အတွက် ပထမအကြိမ်ထိုးနှံပြီး နောက်ရက်သတ္တပတ် (၄) ပတ်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံကြရမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးပြီးနောက် ခံစားရဖွယ်ရှိသည့် လက္ခဏာများနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်နေခြင်းဖြစ်ရာ လက်ရှိအချိန်တွင် ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူများထံမှ တုံ့ပြန်ချက်များအရ သာမန်လက္ခဏာ အချို့သာ ခံစားကြရကြောင်းနှင့် ဆိုးဆိုးရွားရွားမဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးခံမည့်သူကို ဆေးမထိုးမီတွင် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည့်အပြင် ကာကွယ်ဆေးထိုးပြီးပါကလည်း ချက်ချင်းထပြန်သွားရမည် မဟုတ်ဘဲ ဓာတ်မတည့်မှု ရှိ မရှိ၊ ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း ရှိ မရှိ တို့ကို မိနစ် ၃၀ ခန့် စောင့်ဆိုင်းကြည့်ရှုပြီးမှသာ ပြန်ကြရမည်ဖြစ်သည်။ အထူးပြုမှတ်သားရမည့်အချက် တစ်ချက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့်နောက် လုံခြုံပြီဟု ယူဆကာ ပေါ့ဆမသွားကြဖို့ပင် ဖြစ်သည်။

 

ကိုဗစ်-၁၉ရောဂါပိုးသည် မိမိတို့၏ပတ်ဝန်းကျင်တွင် အချိန် တော်တော်ကြာအောင် တည်ရှိနေဦးမည်ဖြစ်ကြောင်း သုတေသီများက မှန်းဆထားကြပြီး ရောဂါကူးစက်မှုမခံရရေးအတွက် နယူးနော်မယ် အမူအကျင့်များကို ဆက်လက်စွဲကိုင်ကာ အပြင်ထွက်မည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်း အကာအကွယ်တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးမှ ပြောဆိုဆက်ဆံခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏစနစ်တကျ ဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို ရှောင်ရှားခြင်းနည်းလမ်းတို့ဖြင့် ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း