ကာကွယ်ဆေးနဲ့ အလှမ်းဝေးနေသေးတဲ့ ဆိုမာလီယာ

ကလျာမိုးမြင့်

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သူ့ထက်ငါ အပြိုင်အဆိုင်ဖြန့်ဝေဖို့ လုပ်ဆောင်နေကြတဲ့အချိန် ကိုဗစ်-၁၉ ကာကွယ် ဆေးနဲ့အလှမ်းဝေးကွာနေရတဲ့ နိုင်ငံတစ်နိုင်ငံရှိနေပါတယ်။ အဲဒီနိုင်ငံကတော့ ဆိုမာလီယာနိုင်ငံပါပဲ။ နိုင်ငံ့ပြည်သူအများစုဟာ ကာကွယ်ဆေးထိုးခွင့် မရရှိ ကြသေးပါဘူး။ ဒီအခြေအနေကြောင့် ဆိုမာလီယာမှာ သေဆုံးသူအရေအတွက်ဟာ သိထားတာထက် ပိုများနေမလားဆိုပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ 

လိုက်နာကျင့်သုံးခြင်းမရှိ

ကာကွယ်ဆေး လက်ဝယ်မရရှိသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အများအပြား ရှိနေသေးတာမှန်ပေမယ့် အဲဒီနိုင်ငံတွေမှာ ရောဂါထိန်းချုပ်ရေးစီမံဆောင်ရွက်ချက်တွေ ထိုက်သင့်သလောက် ဆောင်ရွက်ထားသလို လူများတဲ့နေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ လူမှုဝေးကွာစည်းကမ်းချက်တွေကို လိုက်နာခြင်းဖြင့် မိမိကိုယ်ကို တတ်နိုင်သမျှ ကာကွယ်ကြတဲ့အတွက် အနည်းငယ်တော့ အသက်ရှူချောင်တဲ့အနေအထားမှာ ရှိနေပါသေးတယ်။

ဆိုမာလီယာနိုင်ငံမှာတော့ ကာကွယ်ဆေးထိုးခွင့် မရသေးတာအပြင် နောက်ထပ်စိတ်ပူစရာတစ်ခုက ဆိုမာလီယာပြည်သူတွေဟာ ရောဂါကာကွယ်ရေး အစီအမံတွေကိုလည်း လိုက်နာကျင့်သုံးခြင်းမရှိသလို နှာခေါင်းစည်း တပ်ဆင်တာ၊ လူမှုဝေးကွာစည်းကမ်းချက်တွေနဲ့အညီ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာ နေထိုင်တာလည်း မရှိကြဘူးလို့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး အဗ္ဗဒီရာဇက်ယုဆပ်ဖ် ဟီရာဘက်က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ကာကွယ်ဆေးသောက်ဖို့ အချိန်ကြာဦးမည်

တကယ်လို့ သင်ဟာ မိုဂါဒစ်ရှူးမြို့နဲ့အနီးတစ်ဝိုက် ဒါမှမဟုတ် တစ်နိုင်ငံလုံးအနှံ့ပဲဖြစ်ဖြစ် သွားကြည့်လိုက်မယ်ဆိုရင် ကိုဗစ်-၁၉အကြောင်း စကားစပ်ပြီးပြောတဲ့သူတောင် မရှိဘူးဆိုတာကို တွေ့ရလိမ့်မယ်။ ရောဂါကူးစက်မှုတွေသာ တိုးနေတာ ဘယ်သူကမှဒီအကြောင်းကို ခေါင်းထဲထည့်နေပုံမရဘူး လို့ ၎င်းက ပြောပါတယ်။

ဆယ်စုနှစ်သုံးခုလောက်ကြာအောင် ပဋိပက္ခတွေကြောင့် အကွဲကွဲ အပြားပြားဖြစ်နေရတဲ့ ဆိုမာလီယာနိုင်ငံလိုနေရာမျိုးမှာ ကိုဗစ်-၁၉ကာကွယ် ဆေးကို များများစားစားတွေ့ရဖို့က အချိန်တွေအတော်ကြာတဲ့အထိ စောင့်ရဦးမယ့်သဘော ရှိပါတယ်။ 

လက်တွေ့ကျတဲ့ စုံစမ်းစစ်ဆေးမှုမရှိ

နိုင်ငံရဲ့ အစိတ်အပိုင်း တချို့ဟာဆိုရင်လည်း အယ်လ်ခိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ် အစွန်းရောက် စစ်သွေးကြွအုပ်စုက ချုပ်ကိုင် ထားတာမို့ သွားရောက်ဖို့ ခက်ခဲတဲ့နေရာတွေမှာ ကိုဗစ်- ၁၉ အစုလိုက် ကူးစက်ပျံ့နှံ့မှုအန္တရာယ် ပိုပြီးကြီးမားနေပါတယ်။ ကာကွယ်ဆေးရောက်ရှိဖို့ ကြာမြင့်တဲ့အခြေအနေဟာ အာဖရိကနိုင်ငံတချို့အတွက် ကြောက်စရာ အခြေအနေတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အမှန်တကယ်လက်တွေ့ ကျကျစုံစမ်းစစ်ဆေးမှုမရှိဘူးလို့ကိုဗစ်-၁၉လူနာတွေကို အများဆုံးကုသနေတဲ့ မိုဂါဒစ်ရှူးမြို့ရှိ မာတီနီဆေးရုံက ညွှန်ကြားရေးမှူး ရာဘက်က ပြောကြား ခဲ့ပါတယ်။ ဆိုမာလီယာမှာ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်နိုင်ဖို့ ပစ္စည်းကိရိယာ အလုံအလောက်မရှိဘူးလို့ သိရပါတယ်။ 

ကိုဗစ်-၁၉ စစ်ဆေးမှု အနည်းဆုံးနိုင်ငံဖြစ်

ဆိုမာလီယာနိုင်ငံမှာ လူဦးရေ ၁၅ သန်းကျော်ရှိတဲ့အနက် ကိုဗစ်-၁၉ စစ်ဆေးမှုပေါင်း ၂၇၀၀၀ သာလုပ်ဆောင်ထားရပြီး ကမ္ဘာမှာ ကိုဗစ်-၁၉ စစ်ဆေးမှုပမာဏ အနည်းဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ရောဂါကူးစက်ခံရတဲ့ အတည်ပြု လူနာအရေအတွက် ၄၈၀၀ အောက်လျော့နည်းပေမယ့် သေဆုံးသူ ၁၃၀ ထက် မနည်းရှိပါတယ်။ ဗိုင်းရပ်စ်ဟာ ရောဂါကုသမှုကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့နေရာတွေဆီ ကူးစက်ပျံ့နှံ့သွားပြီး လူတွေပိုမိုသေဆုံးရမှာကို တချို့က စိုးရိမ်ပူပန်လျက်ရှိပါတယ်။ ကောင်းစွာကုသမှု မရရှိ လမ်းပေါ် တောင်းရမ်းစားသောက်နေရသူတစ်ဦးဖြစ်တဲ့ အသက် ၄၅ နှစ်ရှိ ဆန်မိုဟာမက် ယုဆပ်ဖ်က ရောဂါစတင်ဖြစ်ပွားချိန်မှာ ၎င်းကဒါကို တုပ် ကွေးရောဂါနောက်တစ်မျိုးဖြစ်နေတယ်လို့ပဲ ထင်ခဲ့မိတယ်လို့ ပြောပါတယ်။ ၎င်းရဲ့ ကလေးငယ်သုံးဦးဟာဆိုရင် ရောဂါကူးစက်ပြီးနောက် ချောင်းဆိုးခြင်းနဲ့ အဖျားတက်တာတွေ ခံစားရပြီးနောက် အသက်ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုနဲ့ မိုးခေါင်ရေရှားဖြစ်မှုတွေကြောင့် အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် ပြုလုပ်ပေးထားတဲ့ ယာယီတဲစခန်းတွေမှာ ကိုဗစ်-၁၉ စစ်ဆေးပေး ခြင်းတွေလည်း မရှိသလို ကောင်းမွန်တဲ့ စောင့်ရှောက်ကုသမှုတွေလည်း မရရှိဘူးလို့ သိရပါတယ်။ 

စုံပြုံတိုးဝှေ့ခဲ့ကြ

ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ အစောပိုင်းကာလမှာ ဆိုမာလီယာအစိုးရက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အစီအမံတွေချမှတ်ဆောင်ရွက်ခဲ့ပါ သေးတယ်။ စာသင်ကျောင်းတွေအားလုံးကို ပိတ်ထားခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေအားလုံးကို ရပ်နားခဲ့သလို မိုဘိုင်းဖုန်းတွေမှာလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အသိပေးမက်ဆေ့ချ်သံတွေ မြည်ခဲ့ပါတယ်။

ဒါပေမယ့် ဆိုမာလီယာရဲ့ လမ်းတွေ၊ ဈေးတွေနဲ့ စားသောက်ဆိုင်တွေမှာ တော့ လူမှုဝေးကွာစည်းကမ်းချက်တွေနဲ့အညီ ခပ်ခွာခွာနေထိုင်တာကို မတွေ့ရတော့တာကြာပါပြီး၊ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဒေသဘောလုံးပြိုင်ပွဲတွေ ကျင်းပတဲ့ မိုဂါဒစ်ရှူးမြို့က အားကစားရုံမှာ လူသုံးသောင်းလောက် စုပြုံး တိုးဝှေ့ပြီး ဝင်ရောက်လာခဲ့ကြပါတယ်။ ဝင်ရောက်လာတဲ့သူတွေမှာ ဘာနှာခေါင်းစည်းမှ တပ်ဆင်မထားသလို ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံတွေလည်း တစ်ခုမှလုပ်ထားတာ မရှိခဲ့ပါဘူး။

ပြည်သူတွေကို အသိပေးဖို့လို

ဒီတော့ အစိုးရအနေနဲ့ မြေပြင်ပေါ်မှာ တကယ်ဖြစ်နေတဲ့ ဆိုမာလီယာ ပြည်သူတွေရဲ့ အခြေအနေတွေကို အမှန်အတိုင်းသိရှိအောင် စစ်ဆေးဖို့ လိုအပ်နေပါတယ်။ နောက်ထပ်စိန်ခေါ်မှုတွေကတော့ ကိုဗစ်-၁၉ ကာကွယ် ဆေးကို လွယ်လွယ်နဲ့မရနိုင်တဲ့ အခြေအနေဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးထိုးခြင်းကို ကြည်ဖြူစွာလက်ခံလာအောင် အသိပေးစည်းရုံး ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ။

ကိုးကား-အေပီ