ကားဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်နေ

မန္တလေး ၈ မတ်  

ကားတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထားပြီးနောက် ကားဈေးကွက် တည်ငြိမ်ကာ အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း Car DB ၏ မားကတ်တင်း မန်နေဂျာ ကိုမျိုးသီဟက ပြောသည်။ 

လက်ရှိတွင် ကားအသစ်ထုတ်လုပ်မှုများ ပြည်တွင်း၌ပင် စတင်လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ပြည်တွင်းဈေးကွက်တွင် ကားအသစ်များ တဖြည်းဖြည်း ဝင်ရောက်လာမည်ဟု သိရသည်။ 

"ပြည်တွင်းမှာ စက်ရုံဆောက်ပြီးထုတ်မယ့် brand တွေကလည်း အများကြီးရှိပါတယ်။ သုံးစွဲသူကတော့ ဈေးတန်းနဲ့ အရည်အသွေးကို လိုက်ပြီး ကွဲပြားမှုတော့ရှိပါတယ်။ လက်ရှိမှာတော့ brand အမျိုးအစား ၁၅ ခုဝန်းကျင်လောက်အထိ ရှိတာတွေ့ရပါတယ်။ နောင်အခါ ပြည်တွင်းမှာ ကားတွေထုတ်လုပ်နိုင်ပြီဆိုတော့ ဈေးကွက်အလားအလာကတော့ ကောင်းပါတယ်" ဟု အော်ပရေးရှင်း မန်နေဂျာကိုမျိုးသီဟက ပြောသည်။

အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့် မည်မျှရှိမည်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးဘဲ ပါမစ်ထုတ်ပေးသည့်အပေါ်တွင် မူတည်၍ ကားဈေးကွက်အား ရိုက်ခတ်မှု အနည်းငယ်ရှိနိုင်ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် ကားအသစ် Brand မျိုးစုံဝင်ရောက်လျက်ရှိပြီး အများအားဖြင့် မာစီဒီး၊ ဂျာဂွါ၊ ဆူဇူကီး၊ လင်ရိုဗာ၊ တိုယိုတာ စသည်တို့အပြင် တရုတ်နိုင်ငံထုတ် ကားမျိုးစုံလည်း ဝင်ရောက်နေကြောင်း သိရသည်။

မာစီဒီးအမှတ်တံဆိပ်မှ နောက်ဆုံးပေါ် SUV ကားကိုလည်း မန္တလေးမြို့မှာ ယခုလ ၆ ရက်က မိတ်ဆက်ခဲ့သည်။ 

ပြည်တွင်းဈေးကွက်၌ brand new ကားအသစ်များ၊ တစ်ပတ်ရစ်ကားများ၊ ကားအပိုပစ္စည်းများ၊ အာမခံလုပ်ငန်းများ၊ ကားတစ်စီးကို စမ်းသပ်မောင်းနှင်နိုင်သည့် အခွင့်အရေးများ စသည်တို့ကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာဝယ်ယူနိုင်မည့် ပြပွဲများ၊ ပြုလုပ်လာသဖြင့် ကားဈေးကွက် ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။ 

ကားအသစ်ဈေးကွက်တွင် ဂျာဂွါ XL, မာစီဒီး GLC 300 4MATIC, GLC 300 4MATIC Coupe, GLE 450 4MATIC စသည့် အမျိုးအစားများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မေသက်ထား